Skip to main content

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများကို ဖော်ထုတ်အရေးယူ

နေပြည်တော် စက်တင်ဘာ ၂၁

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Ko Lay Win” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၂၄)ရပ်ကွက် နေ လေးဝင်းအား မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ “Nyi Naing (nyi naing)” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရွှေပြည်သာမြို့နယ် အမှတ်(၅)ရပ်ကွက်နေ ဇင်မင်းထွန်း(ခ) ညီနိုင်အား မွန်းလွဲ ၃ နာရီ ၅ မိနစ်တွင်လည်းကောင်း၊ “Thet Ko Ko Lin” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကုန်းတန်းကျေးရွာနေ သက်ကိုကိုလင်း(ခ) ကိုသက်အား ညနေ ၅ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ “Aung Ko Ko Hein” Facebook အကောင့်ပိုင်ရှင်ဖြစ်သူမွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အောင်သာယာရပ်ကွက်နေအောင်ကိုဟိန်း၊ “Nyinyi” Facebook အကောင့်ပိုင်ရှင် ဖြစ်သူ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာနေ ညီညီလွင်နှင့် “Nyi Nyi Htwe” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ကျိုက်မရောမြို့နယ် ကြံတောကျေးရွာနေ ညီညီထွေးတို့အား ည ၈ နာရီခွဲတွင် လည်းကောင်း သက်ဆိုင်ရာရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့သည်။

ထို့အတူ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့် “Zin Min Thant” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက်နေ ဇင်မင်းသန့်အားမွန်းလွဲ ၁ နာရီ ၁၀ မိနစ်နှင့် “Thet Win” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မဟာ ဇေယျာဘုံရပ်ကွက်နေ သက်ဝင်းအား မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် လည်းကောင်း၊ “Sithu Aung” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မြို့သစ်ရပ်ကွက်နေ စည်သူအောင် (ခ)ခေါင်းဖြူအား ည ၆ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ “Zaw Lin Oo” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အမှတ်(၇)ရပ်ကွက်နေ ဇော်လင်းဦးအား ည ၉ နာရီ ၂၅ မိနစ်တွင် လည်းကောင်း သက်ဆိုင်ရာရဲစခန်း အသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ် အရေးယူခြင်း များ ဆောင်ရွက်ခဲ့သည်။

ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်းပြုလုပ်ခဲ့သူများအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်