Skip to main content

လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲများ မြို့နယ်အသီးသီး၌ ကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို မြို့နယ်အသီးသီး၌ ကျင်းပလျက်ရှိသည်။

စဉ့်ကိုင်

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (စဉ့်ကိုင်)၌ စက်တင်ဘာ ၁၈ ရက်က ကျင်းပသည့် လူငယ်စကားဝိုင်းတွင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ Grade 9 နှင့် 10 မှ ကျောင်းသား ကျောင်းသူများက အဂတိလိုက်စားမှုတိုက်ဖျက်ဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါစို့၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ဝတ်စားဆင်ယင်မှု၊ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက သုတ/ရသစာအုပ်များကိုလည်း ခင်းကျင်းပြသသည်။

မြို့နယ် (ပြန်/ဆက်)

လှိုင်းဘွဲ

ကရင်ပြည်နယ်လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် လူငယ်စကားဝိုင်းတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးကြည်ဇင်နှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က အမှာစကားပြောကြားပြီး ဦးဆောင်ဆွေးနွေးသူ ကျောင်းသား ကျောင်းသူများက လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်ကြီးပွားရေး၊ လူငယ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးတို့ကို ဆွေးနွေးကြသည်။

မြို့နယ်(ပြန်/ဆက်)

ပင်လောင်း

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ဝါးလီ ကျောင်းခန်းမ၌ စက်တင်ဘာ ၂၀ ရက်က ပြုလုပ်သည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဇာဝင်းက အမှာစကားပြောကြား​ပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်က လူငယ်နှင့်ရည်မှန်းချက်၊ ကျေးလက်ကျန်းမာရေးဌာနမှူး ဦးဝေလျံထက်က မူးယစ်ဆေးဝါး၊ ဆေးလိပ်အန္တရာယ်၊ လူငယ်၊ လူရွယ်များ ကျန်းမာရေးဆိုင်ရာနှင့် ပတ်သက်သည့်အကြောင်းများ၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန နည်းစနစ်မှူးဒေါ်ဇင်မာခိုင်က လူငယ်နှင့်အားကစား၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းနိုင်က မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းလင်းက လူငယ်များဗလငါးတန်ပြည့်စုံရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်​ရေးဆိုင်ရာ အကြောင်းများကို ဟောပြောကြသည်။

မြို့နယ် (ပြန်/ဆက်)

နမ္မတူ

ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်း၌ စက်တင်ဘာ ၁၈ ရက်က ကျင်းပသည့် လူငယ်စကားဝိုင်းတွင် ကျောင်းအုပ်ဆရာကြီး ဦးသန်းလွင်နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်နန်းမျိုးဆောင်းကျော်တို့က အမှာစကားပြောကြားပြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဒေါ်ရွှေမာက အားကစားဆိုင်ရာများကို ဟောပြောသည်။ ထို့နောက် လူငယ်စကားဝိုင်းတွင် ကျောင်းသား ကျောင်းသူများက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ရည်မှန်းချက်၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ရေး ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးပြီး အခြားကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးသည်။

လူမော် (ပြန်/ဆက်)

မိုင်းဆတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ် သဗ္ဗညုမူလွန်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၌ စက်တင်ဘာ ၂၀ ရက်ကကျင်းပသည့် လူငယ်ရေးရာဟောပြောပွဲတွင် ခရိုင်ပြန်/ဆက်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ ဦးစီးအရာရှိ ဦးလင်းထင်ကျော်က လူငယ်နှင့် ဘဝရှေ့ရေးခေါင်းစဉ်များနှင့် အတူ စာပေချစ်မြတ်နိုးသူများအသင်းဝင်များ၊ လူငယ်အသင်းဝင်များက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ဘဝရည်မှန်းချက်၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကာ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ် စာစောင်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုး အသိပညာပေးနံရံကပ်စာစောင်များကိုလည်း ခင်းကျင်းပြသသည်။

မြင့်မောင်(မိုင်းဆတ်)