Skip to main content

မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများအား ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်အင်အားများကို စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ရေး ညှိနှိုင်းစည်းဝေး

နေပြည်တော် စက်တင်ဘာ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မကွေးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများအား မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅၊ ပုဒ်မ ၁၁၊ နည်းဥပဒေ ၁၃ တို့နှင့်အညီ ဆောင်ရွက်ထားကြရန် မင်းဘူးခရိုင်ရှိ မြို့နယ်ငါးမြို့နယ်နှင့် သရက်ခရိုင်၊ အောင်လံခရိုင်တို့ရှိ မြို့နယ်ခြောက်မြို့နယ်တို့မှ ခရိုင်/မြို့နယ်အဆင့် တာဝန်ရှိသည့် ဌာနဆိုင်ရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဝန်ထမ်းများ၊ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပါတီဝင်အင်အား မှန်ကန်စေရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးသည် ယမန်နေ့နံနက်ပိုင်းတွင် မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မင်းဘူးခရိုင်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများမှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ် ပါတီ(ကျားဖြူပါတီ)တို့မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ရာ မင်းဘူးခရိုင်နှင့် မြို့နယ်အဆင့်ပါတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အလားတူယနေ့နံနက်ပိုင်းတွင် အောင်လံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သရက်ခရိုင်နှင့် အောင်လံခရိုင်အတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပါတီဝင်အင်အားစိစစ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။

နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၅ (စ)အရ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကို လည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃ (က) အရ မိမိတို့ပါတီ စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက်စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ)နှစ်စုံဖြင့် ပြုစုတင်ပြရေး၊ နိုင်ငံရေးပါတီများမှတင်ပြထားသည့် သတ်မှတ်ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှုရှိ/မရှိ သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးဆောင်ရွက်ခဲ့ရာ တက်ရောက်လာ သူများက အပြန်အလှန်ဆွေးနွေးဆောင်ရွက်ခဲ့ကြပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်က တက်ရောက်လာသူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်