Skip to main content

အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၁

စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆွေးနွေးပွဲသို့ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးသန့်စင်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိဦးစီးဌာန/လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် ပုံစံအမျိုးမျိုးဖြင့် ပြန့်ပွားလျက်ရှိကြောင်း၊ အဂတိလိုက်စားပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူခံကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ရာထူးတာဝန် အဆင့်အလိုက်လုပ်ငန်းများ ဆောင်ရွက် ရာတွင်ကျောသားရင်သားမခွဲခြားဘဲ မျှတစွာဖြင့် အဂတိကင်းရှင်းသည့်ဌာန၊ ပတ်ဝန်းကျင်ကောင်းတစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အဂတိလိုက်စားမှုမရှိစေရေးနှင့် ပပျောက်စေရေး အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)ကို ညွှန်ကြားချက်နှင့်အညီ ဖွဲစည်းထားရှိပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်ကြူကြူဝင်းကအဂတိလိုက်စား မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အားလုံးပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်း၊ အဂတိကို လက်မခံသည့် ဖြောင့်မတ်တည်ကြည်မှုရှိသည့် လူမှုအသိုက်အဝန်းကို ဖန်တီးဖော်ဆောင်နိုင်ရန်ရည်ရွယ်၍ ယခုဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် ရိုးသားဖြောင့်မတ်စွာ တာဝန်ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ် ပါဝင်ဆောင်ရွက်ကြစေလို ကြောင်း ပြောကြားသည်။

ယင်းနောက် အဂတိလိုက်စား မှု တိုက်ဖျက်ရေးကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဆိုင်ရာများ၊ အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စုံစမ်းစစ်ဆေးရေးကဏ္ဍတို့ကို ရှင်းလင်းဆွေးနွေးကြ ပြီး တက်ရောက်လာသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားကြသည်။

ဆက်လက်၍ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများသည် စွမ်းအင်ဝန်ကြီးဌာနမှ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (CPU) အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ အဂတိ လိုက်စားမှုဆိုင်ရာ ကာကွယ်တားဆီးနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေးကြသည်။

ယခုကဲ့သို့ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့်အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကို ရှင်းရှင်းလင်းလင်းသိရှိပြီး အဂတိလိုက်စားမှု မြောက်နိုင်သည့်ကိစ္စရပ်များ၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော် နစ်နာဆုံးရှုံးရသည့် ကိစ္စရပ်များ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများ၊ အဂတိလိုက်စားမှုဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ်လာနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်