Skip to main content

ပါတီဝင်အင်အားစာရင်းများ မှန်ကန်ခြင်းရှိ/မရှိ ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များမှဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂၁

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျောက်ဆည်ခရိုင်နှင့် တံတားဦးခရိုင်တို့မှခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရွေးကောက်ပွဲအရာရှိများနှင့်တွေ့ဆုံ၍ ပါတီဝင်အင်အားစာရင်းများ မှန်ကန်စွာပြည့်မီရေးအတွက် ပူးပေါင်းစိစစ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများနှင့် စိစစ်ခြင်းလုပ်ငန်းများကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များကို တွေ့ဆုံဆွေးနွေးမှာကြားသည်။

အလေးထားဆောင်ရွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ သုံးခုတို့မှ သတ်မှတ်ကာလအတွင်း ပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ အချက်အလက်များ မှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှုရှိ/မရှိစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ပါတီဝင်စာရင်းတွင် ဥပဒေနှင့်အညီ နေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်တူသူများ၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်သာတူသူများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်အင်အားများ ပါဝင်နေသည့်အပြင် အချို့ပါတီများ၌ ပါတီဝင်၏အလုပ်အကိုင်ကို ဝန်ထမ်းဟူ၍ ဖော်ပြထားခြင်း၊ နေရပ်လိပ်စာပြည့်စုံခြင်းမရှိသည့် ပါတီဝင်များပါဝင်နေခြင်းတို့ကို တွေ့ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် ပါတီဝင်အင်အား စာရင်းများ မှန်ကန်မှုရှိ/မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိတို့ကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်း၍ စိစစ်နေသကဲ့သို့ သက်ဆိုင်ရာပါတီများ၏ မြို့နယ်တာဝန်ခံများက ပေးပို့တင်ပြလာသည့် ပါတီဝင်ဖြစ်ကြောင်း အသိအမှတ်ပြုထားသည့်မှတ်တမ်း၊ အထောက်အထားများနှင့်လည်း ပူးပေါင်းတိုက်ဆိုင်စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသည့်ပါတီဝင် အင်အားစာရင်းများဖြစ်စေရန်အတွက် အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် မြို့နယ်အလိုက် စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်အတွက် စနစ်တကျစီမံချက်ဖြင့် ဆောင်ရွက်ရန်မှာကြားသည်။

ရှင်းလင်းတင်ပြ

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက နိုင်ငံရေးပါတီသုံးခုမှတင်ပြလာသည့် ပါတီဝင်အင်အားစာရင်းများ မှန်ကန်စေရေးအတွက် သက်ဆိုင်ရာမြို့နယ်အလိုက် စိစစ်ဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

အလားတူပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်သည် ယမန်နေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လွှတ်တော်ရုံးဟောင်းအစည်းအဝေးခန်းမ၌ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်နှင့် အမရပူရခရိုင်တို့မှခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နိုင်ငံရေးပါတီ သုံးခုမှ တင်ပြလာသည့် ပါတီဝင်အင်အားစာရင်းများအား ပူးပေါင်းအဖွဲ့ဖြင့် တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများပြီးစီးမှု အခြေအနေများနှင့် သတ်မှတ်ကာလအတွင်း စိစစ်မှုလုပ်ငန်းများ ပြီးစီးနိုင်ရေးအတွက်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်