နေပြည်တော် စက်တင်ဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် ဝန်ကြီးဌာနနှင့် အာဆီယံ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအကြား လူသားချင်းစာနာ ထောက်ထားမှုအကူအညီပေးရေး ပူးပေါင်းဆောင်ရွက်မှု၊ COVID-19 ကပ်ရောဂါဖြစ်ပွားစဉ်ကာလ၊ မိုခါမုန်တိုင်းပြန်လည်ထူထောင်ရေးကာလများ၌ အကူအညီပေးမှု၊ Nay Pyi Taw State Academy ၌ လူမှုရေးပညာမဟာဌာန ဖွင့်လှစ်နိုင်ရေးအတွက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံမှ ဘာသာရပ်ဆိုင်ရာပါမောက္ခများပူးပေါင်း၍ သင်ရိုးညွှန်းတမ်းများရေးဆွဲနေမှု၊ ပညာတော်သင် ၁၉ ဦး အိန္ဒိယနိုင်ငံ TA TA Institute of Social Sciences ၌ လူမှုရေးပညာမဟာ ဘွဲ့သင်တန်းတက်ရောက်နေမှု၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ-မြန်မာနားလည်မှုစာချွန်လွှာအရ အကောင်အထည်ဖော်နေသည့် စီမံကိန်းတိုးတက်မှု၊ အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် ဆောင်ရွက်ရန်ရှိသည့် Small Development Project (SDP)အောက်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဆိုပြုတင်ပြထားသော စီမံကိန်းကိစ္စများ၊ ဝန်ကြီးဌာန အနေဖြင့် AHA Centre၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးစိုးကြည်၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများပါဝင် တက်ရောက်ခဲ့ကြသည်။
ဆက်လက်ကျင်းပ
ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၃)ကိုမွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့် မသန်စွမ်းကိုယ်စားလှယ်များ၊ လုပ်ငန်းကော်မတီဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြန်လည်နေရာချထားရေးညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
အတည်ပြုသွားမည်
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်းကို အတည်ပြုဖြန့်ချိထားပြီးဖြစ်ပါကြောင်း၊ မဟာဗျူဟာပါကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များကိုလည်း ရေးဆွဲထားရှိပြီး ယနေ့အစည်းအဝေးတွင် အတည်ပြုသွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ကနဦးစီမံကိန်းနယ်မြေ(၄)ခုတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် စီမံကိန်းနယ်မြေ ၁၀ ခုတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းထားကြောင်းသိရှိရပြီး မသန်စွမ်းသူများ၏ အခွင့်အရေးအတွက် ပီပီပြင်ပြင်ရပ်တည် ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင်အတွင်းရေးမှူး(၁) ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြ၍ လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်