Skip to main content

၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှုတိုင်းတာစစ်ဆေးရေးစံ စစ်ဆေးအကဲဖြတ်ခြင်းသုတေသနလုပ်ငန်း၏ အကြိုစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၉

၂၀၂၃ ခုနှစ် အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM) စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ အကြိုစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပသည်။

ဆွေးနွေးပွဲဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ SEA-PLM ၏ နိုင်ငံအဆင့်နည်းပညာအဖွဲ့၊ လုပ်ငန်းအဖွဲ့၊ စာမေးပွဲကြီးကြပ်ရေးမှူးများ၊ ကျောင်းညှိနှိုင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထိုက်က အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက် မှုတိုင်းတာစစ်ဆေးရေးစံ(SEA-PLM)၏ လုပ်ငန်းအစီအစဉ်ကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လုပ်ငန်းဆွေးနွေးပွဲကို ကျင်းပရာ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက SEA-PLM စစ်ဆေးအကဲဖြတ်ခြင်း သုတေသနလုပ်ငန်း၏ အညွှန်းဘောင်များကိုလည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနသုတေသနဌာနခွဲမှ အရာထမ်းများက စာမေးပွဲကြီးကြပ်သူနှင့် ကျောင်းညှိနှိုင်းရေးမှူးများ လက်စွဲစာအုပ်ကိုလည်းကောင်း ဆွေးနွေးပြောကြားကြသည်။

ဆက်လက်၍ လုပ်ငန်းဆွေးနွေးပွဲ တက်ရောက်လာသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကြသည်။

အဆိုပါ လုပ်ငန်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်