Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့် ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲတက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၈

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၏ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုအနေဖြင့် ၂၀၂၃ ခုနှစ် စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား သင်တန်းကျောင်း၌ ကျင်းပရာ ဒုတိယဝန်ကြီး ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာဒုတိယဝန်ကြီးက စမ်းသပ်သန်းခေါင်စာရင်း ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အားလုံးရှိ မြို့နယ် ၂၀ တွင် ရွေးချယ်သတ်မှတ်ထားသည့် ကောက်ကွက်များ၌ ကောက်ယူသွားမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် စမ်းသပ်သန်းခေါင်စာရင်း၌ မေးမြန်းကောက်ယူမည့် မေးခွန်းများကိုစာတွေ့၊ လက်တွေ့ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည့်အပြင် နမူနာကောက်ကွက် ရွေးချယ်ခြင်းနှင့် စာရင်းကောက်ကွက်မြေပုံများအကြောင်း သိကောင်း စာရာများကို ဆွေးနွေးပို့ချသွားမည်ဖြစ်ပါကြောင်း။

စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် သင်တန်းသားသင်တန်းသူ များအနေဖြင့် မေးခွန်းပုံစံပါ အကြောင်းအရာများကို သိရှိနားလည်ရန် လိုအပ်သကဲ့သို့ Mobile Tablet ဖြင့် CAPI နည်းပညာ အသုံးပြုမှုကိုလည်း လုပ်ဆောင်နိုင်ရန် လေ့လာကြိုးစားသင်ယူကြရန်မှာကြားလိုကြောင်း ပြောကြားသည်။

အဆိုပါ စာရင်းကောက်သင်တန်းသို့ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးများမှ သင်တန်းသား သင်တန်းသူဝန်ထမ်း ၅၃ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်