မန္တလေး စက်တင်ဘာ ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ မရှိ၊ မြေပြင်တွင်အမှန်တကယ် နေထိုင်ခြင်း ရှိ မရှိတို့နှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနများ၊ သက်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနများနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့ပူးပေါင်း၍ စိစစ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းခြင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က ပြောကြားရာတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(စ) အရ မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀၀၀ ကို လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကိုလည်းကောင်း စည်းရုံးရမည်ဖြစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၁၃ (က) အရ မိမိတို့ပါတီ စည်းရုံးရရှိထားသည့် သတ်မှတ်ပါတီဝင်ဦးရေ ပြည့်မီသော အင်အားစာရင်းကို မြို့နယ်အလိုက်စုစည်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(ဇ)နှစ်စုံဖြင့် ပြုစုတင်ပြရမည်ဖြစ်ကြောင်း၊ ယနေ့တက်ရောက်လာသည့် ပါတီ ၃ ခုမှ သတ်မှတ်ကာလအတွင်းပေးပို့လာသည့် ပါတီဝင်အင်အားစာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က CVLMS Software ဖြင့် စစ်ဆေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ပေးပို့၍ အချက်အလက်များ မှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများက Admin DEO Software ဖြင့် စစ်ဆေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တို့နှင့်ပူးပေါင်း၍ မြေပြင်အခြေအနေနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးခြင်းတို့ကိုဆောင်ရွက်ခဲ့ရာ ပါတီဝင်စာရင်းတွင် ဥပဒေနှင့်အညီနေထိုင်သူစာရင်း၌ မရှိသူများ၊ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ် အမှတ်တူသူများ၊ နိုင်ငံသားစိစစ်ရေးကတ် အမှတ်သာတူသူများအစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်အင်အားများ ပါဝင်နေသည့်အပြင် ဝန်ထမ်းများပါဝင်နေခြင်း၊ နေရပ်လိပ်စာပြည့်စုံမှုမရှိသည့် ပါတီဝင်များပါဝင်နေခြင်းတို့ကိုတွေ့ရကြောင်း၊ သို့ဖြစ်၍ နိုင်ငံရေးပါတီများမှ တင်ပြထားသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်မှု ရှိ မရှိ၊ မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်းရှိ မရှိတို့ကို သက်ဆိုင်ရာမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သဖြင့် သက်ဆိုင်ရာပါတီအသီးသီး၏ မြို့နယ်တာဝန်ခံများက ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တိုင်းဒေသကြီးပါတီကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အရာရှိနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိစစ်ခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် အခြေအနေများနှင့်လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ဦးသန်းအောင်ကျော်က ပြန်လည်ရှင်းလင်း ဆွေးနွေးသည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီနှင့် အမျိုးသားနိုင်ငံရေး ဒီမိုကရက် တစ်ပါတီတို့မှ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ မန္တလေးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်