နေပြည်တော် စက်တင်ဘာ ၁၈
ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု (Belt and Road Initiative - BRI) တွင်ပါဝင်သည့် နိုင်ငံများအတွက် သွင်းကုန်နှင့်ပို့ကုန်အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှုညီလာခံသို့ တက်ရောက်ရန်တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနန်နင်းမြို့၌ ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် စက်တင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက တရုတ်ပြည်သူ့ သမ္မတနိုင်ငံစိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာ ဝန်ကြီးဌာနနှင့် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရတို့ ပူးပေါင်းကျင်းပသည့် (၇)ကြိမ်မြောက် အာဆီယံ-တရုတ် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနဝန်ကြီး၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစိုးရအဖွဲ့အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်၏တရုတ်နိုင်ငံဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ် Mr. Qu Sixi တို့က အဖွင့်အမှာစကားများ ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် ဖိုရမ်သည် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအပေါ်မူတည်၍ အာဆီယံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းများကို အဓိကဆွေးနွေးကြမည်ဖြစ်သည့်အတွက် ကောင်းမွန်သည့် ရည်ရွယ်ချက်နှင့် အချိန်ကောင်းပင်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးများကို ကျော်လွှားနိုင်ရေးအတွက် “အာဆီယံဒေသပြန်လည်ထူထောင်နိုင်ရေးအတွက် ပြီးပြည့်စုံသော လုပ်ငန်းစဉ်များပါဝင်သည့် မူဘောင်တစ်ခု” ရေးဆွဲပြီး(၃၇)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှ လက်ခံအတည်ပြုပြီးဖြစ်ပါကြောင်း၊ အဆိုပါမူဘောင်တွင် ပါဝင်ရေးဆွဲထားသော မဟာဗျူဟာ (၅) ရပ်အနက် အာဆီယံနိုင်ငံများအကြား စျေးကွက်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် ဆောင်ရွက်ရန်နှင့်ဒစ်ဂျစ်တယ်နည်းပညာအသွင် ကူးပြောင်းရေးကို အရှိန်အဟုန်မြင့်ဆောင်ရွက်ရန်ဟူသည့် မဟာဗျူဟာအချက်(၂)ချက်ကို အထူးအရေးပေးဆောင်ရွက်သင့်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အာဆီယံနိုင်ငံများ၏ အရေးကြီးသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည့်အတွက် မြန်မာနိုင်ငံအတွက်လည်း အရေးပါသည့် ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်သည့်အပြင် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအရ ဒေသတွင်းစားနပ်ရိက္ခာတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်စေမည့်လုပ်ငန်းများကို အဖွဲ့ဝင်နိုင်ငံများအကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် ဖိုရမ်မှဆွေးနွေးချက်များအရ ထွက်ရှိလာမည့် ရလဒ်ကောင်းများ အပေါ်မူတည်ပြီး ဒေသတွင်း၌ စားနပ်ရိက္ခာဖူလုံမှု ရှိစေရေးအတွက်အတူတကွ ပူးတွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စိုက်ပျိုးရေးနှင့်ကျေးလက်ရေးရာဝန်ကြီးဌာန (MARA)ဝန်ကြီး H.E. Mr. Tang Renjian နှင့် နှစ်နိုင်ငံ လယ်ယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုကော်မတီအစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးတွင် နှစ်နိုင်ငံလယ်ယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရေး၊ မျိုးစေ့နှင့်ဗီဇအရင်းအမြစ်များ အပြန်အလှန်ဖလှယ်နိုင်ရေး၊ စိုက်ပျိုးရေးသိပ္ပံဆိုင်ရာ သုတေသနစီမံကိန်းများ ပူးတွဲအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အပူပိုင်းဒေသသီးနှံဆိုင်ရာ စံပြစိုက်ခင်းများ ထူထောင်ရေးတို့ကို အသေးစိတ်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့ပြင် မြန်မာနိုင်ငံဘက်မှ ဓာတ်ခွဲခန်းဆိုင်ရာ ကျွမ်းကျင်သူများအတွက် မွမ်းမံသင်တန်းများ၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ရေငန်တားတာနှင့် ရေထိန်းတံခါးများ တည်ဆောက်ရေးအတွက် စူးစမ်းလေ့လာရေးလုပ်ငန်းများ၊ လယ်ယာသုံးစက်ကိရိယာ ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းများ၊ ရေငန်နှင့် ရေချိုငါးမျိုးစိတ်များ မျိုးဗီဇမြှင့်မွေးမြူခြင်းဆိုင်ရာနည်းပညာ အထောက်အပံ့များကို ရယူလိုပါကြောင်း၊ ခေတ်သစ်ငါးလုပ်ငန်းစက်မှုဇုန်တည်ဆောက်ရန် စိတ်ဝင်စားမှုရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော် တိရစ္ဆာန်ကူးစက် ရောဂါများထိန်းချုပ်ခြင်းကို South-South Cooperation (SSC) အစီအစဉ်ဖြင့် တိုးမြှင့်ဆောင်ရွက်လိုပါကြောင်းနှင့် မြန်မာနိုင်ငံ၌ ပြောင်းချဉ်ဖတ်ကို အမြောက်အမြား တိုးချဲ့ထုတ်လုပ်နိုင်ရေးအတွက် တရုတ်ကုမ္ပဏီများက လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးတို့ကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်