နေပြည်တော် စက်တင်ဘာ ၁၈
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာ တိန့်ရှီးကျွင်းအား ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရှိရုံး အမှတ်(၄၁)ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်
တွေ့ဆုံစဉ် မြန်မာ - တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်နေရာချထားရေး၊ NCA သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း (၈)နှစ်မြောက် အခမ်းအနားကျင်းပမည့်ကိစ္စအပါအဝင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကဏ္ဍများအပေါ် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်