Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်စုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနသို့ သွားရောက်ကြည့်ရှုလေ့လာ

နေပြည်တော် စက်တင်ဘာ ၁၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်စုပြည်နယ်နန်ကျင်းမြို့ရှိ ကျန်စုပြည်နယ်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနသို့ရောက်ရှိ၍ ကျန်စုပြည်နယ်ကျန်းမာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကျန်စုပြည်နယ်ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဦးစွာ ကျန်စုပြည်နယ် ကျန်းမာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ Mr. Zhou Minghao က နှုတ်ခွန်းဆက်စကားပြောကြားပြီး နှစ်နိုင်ငံပြည်သူ့ကျန်းမာရေးနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက လက်ရှိတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တစ်မျိုးသားလုံး သက်ရှည်၊ ကျန်းမာ၊ ကြံ့ခိုင်ရေးအတွက် အထူးဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အထူးသဖြင့်နေပြည်တော်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာရောဂါ ကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးသင်တန်းကျောင်း (Myanmar Center for Disease Control and Health Staff Training Center) အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မကြာမီဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်လျက်ရှိပါကြောင်း၊ ထိုသို့ဖွင့်လှစ်ဆောင်ရွက်ခြင်းအားဖြင့် နောင်ဖြစ်ပေါ်လာမည့် ကပ်ရောဂါအသစ်များနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေများကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်သွားနိုင်မည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျန်စုပြည်နယ် ရောဂါကာကွယ်ထိန်းချုပ်ရေးဌာနသို့ ကျန်းမာရေး ဝန်ကြီးဌာနမှ ဆရာဝန်များနှင့် ကျွမ်းကျင်ပညာရှင်များစေလွှတ်၍ သင်တန်းပေးနိုင်ရေးနှင့် နှစ်နိုင်ငံကျန်းမာရေးပညာရှင်များ အပြန်အလှန်စေလွှတ်မည့် ကိစ္စများအတွက် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ - တရုတ်ကိုယ်စားလှယ်များက ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ နှစ်နိုင်ငံနယ်စပ်ဒေသများတွင် ငှက်ဖျားရောဂါ အပါအဝင် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများနှင့် တိုင်းရင်းဆေးပညာကဏ္ဍသစ်တွင် နှစ်နိုင်ငံ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများသည် အမှတ်တရလက်ဆောင်များ အပြန်အလှန် လဲလှယ်ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့အား ကျန်စုပြည်နယ် ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနမှ တာဝန်ရှိသူများက ဇီဝလုံခြုံမှုအဆင့် (၃) ရှိ ဗိုင်းရပ်စ်ရောဂါပိုးများ စစ်ဆေး သည့်ဓာတ်ခွဲခန်း၊ အစားအသောက်နှင့် ရောဂါပိုးမွှားများ စစ်ဆေးသည့် ဓာတ်ခွဲခန်းများ၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးဆိုင်ရာ စစ်ဆေးသည့်ဓာတ်ခွဲခန်းများကို လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး မြန်မာကိုယ်စားလှယ်အဖွဲ့က သိရှိလိုသည်များကို မေးမြန်းခဲ့ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်မည့်ကိစ္စများကို ဆွေးနွေးကြသည်။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် တရုတ်နိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြောင်း သိရသည်။

 

သတင်းစဉ်