Skip to main content

သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေး သင်တန်းဖွင့်လှစ်

နေပြည်တော် စက်တင်ဘာ ၁၈

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အကျိုးရှိရှိအသုံးချ

သင်တန်းဖွင့်ပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ယနေ့ကမ္ဘာပေါ်တွင် စတုတ္ထအဆင့်စက်မှုပြောင်းလဲမှု(4IR)၊ အသိဉာဏ်တု အသိပညာ(Arti-ficial Intelligent – AI) တိုးတက်လာသောကြောင့် ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံမှုကွန်ရက်(www)သည် အလျင်အမြန်တိုးတက်လာနေပြီး ပြည်တွင်း/ပြည်ပ သတင်းများသည် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းပျံ့နှံ့လျက်ရှိပါကြောင်း၊ ထို့ကြောင့် သတင်းရေးသားရာတွင် သတင်းမှန်ကန်ရေး၊ မြန်ဆန်ရေးနှင့် ထိရောက်မှုရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပေးမည့် ဓာတ်ပုံပညာနှင့်သတင်းဆိုင်ရာ ဘာသာရပ်များကို အရာထမ်း/ အမှုထမ်းများအနေဖြင့် အကျိုးရှိရှိအသုံးချ၍ မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန်များ အောင်မြင်စေရေး ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ သင်တန်းနည်းပြများနှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ သင်တန်းဖြစ်မြောက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။

သင်ကြားပို့ချပေးမည်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ပြည်သူများထံသို့ မှန်ကန်ထိရောက်သော အချက်အလက်များဖြင့် ပေးပို့နိုင်ရေးနှင့်ဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သတင်း၊ မှတ်တမ်းတင်ပြချက် စွမ်းဆောင်ရည်များတိုးတက်စေရန်ရည်ရွယ်၍ အဆိုပါဝန်ကြီးဌာနတွင်း သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သတင်းရေးသားနည်းနှင့် ဓာတ်ပုံရိုက်ကူးရေးပညာရပ်များကို ရက်သတ္တပတ် သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းနှင့် အရာထမ်း/အမှုထမ်းပေါင်း ၁၅ ဦး တက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်