မူဆယ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)မူဆယ်မြို့ရှိ မြန်မာ - တရုတ်နယ်စပ် လူဝင်/ထွက်ဂိတ်များမှ ခြောက်ညအိပ်ခုနစ်ရက် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ပိုမိုလွယ်ကူလျင်မြန်စေရေးအတွက် ရက်ချိန်းပေးစနစ်ဖြင့် မိမိတို့၏ သတ်မှတ်ထားသည့်ရက်နှင့် သတ်မှတ်ဂိတ်မှတစ်ဆင့် ဝင်ရောက်နိုင်ရန် မူဆယ် - နမ့်ခမ်းနယ်စပ်ကုန်သည်ကြီးများအသင်းရုံး၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရက်ချိန်းပေးစနစ်ဖြင့် ဆောင်ရွက်ပေးခြင်းကို စက်တင်ဘာ ၁၃ ရက်မှစ၍ မန့်ဝိန်းဂိတ်ရှေ့တွင် နန်းတော်ဂိတ်နှင့် ဆင်ဖြူဂိတ်တို့မှ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်မည့် ပြည်သူများကို ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)အား ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက် သုံးရက်စာလူဦးရေ ၁၅၀၀ ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ပြီး တစ်ဖက်နိုင်ငံသို့ သွားရောက်မည့်သူများက မိမိ၏သတ်မှတ်ထားသည့်ရက်နှင့် သတ်မှတ်ထားသည့်ဂိတ်တို့မှ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ကြောင်းသိရသည်။
ထို့ပြင် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက် တွင်လည်း မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သည် ကြီးများအသင်းရုံးဝင်း၌ စက်တင်ဘာ ၁၇ ရက် မှ ၂၃ ရက်အထိ ခုနစ်ရက်စာ လူဦးရေ ၃၅၀၀ ကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းစဉ်တွင် မူဆယ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မိုး၊ မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားမှူး ဦရဲရင့်ထွန်းတို့၏ ဦးဆောင်မှုဖြင့် မူဆယ်မြို့နယ်ဦးစီးမှူး ဦးစန်းလွင်တို့က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မူဆယ်လူသားချင်း စာနာထောက်ထားမှုကွန်ရက် ကမ်းလက်ကူညီ ပရဟိတအသင်းဥက္ကဋ္ဌဦးဝင်းဌေးနှင့် အသင်းသူ၊ အသင်းသားများက ပူးပေါင်းပါဝင်ဆောင်ရွက်ကာ တန်းစီစောင့်ဆိုင်းနေသည့်လူ မှန်ကန်မှု ရှိ/မရှိ စိစစ်ခြင်း၊ e-ID မှန်ကန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ (Blacklist)အမည်မည်းစာရင်းနှင့် တရားခံပြေးစာရင်းများပါဝင်မှု ရှိ/မရှိတို့ကို တစ်ပါတည်း စစ်ဆေးနိုင်ရန်အတွက်လည်း သက်ဆိုင်ရာသတင်းတပ်ဖွဲ့နှင့် မှုခင်းတပ်ဖွဲ့များသို့ အမည်စာရင်း ကြိုတင်ပေးပို့ထားကြောင်းသိရသည်။ အဆိုပါရက်ချိန်း ပေးစနစ်ဖြင့် ယာယီနယ်စပ်ဖြတ်သန်းသွားလာ ခွင့်လက်မှတ်(TBP)များကို တစ်ရက်လျှင် လူဦးရေ ၅၀၀ နှုန်းဖြင့် နန်းတော်ဂိတ်မှ လူဦးရေ ၃၀၀ ဖြင့်လည်းကောင်း၊ ဆင်ဖြူဂိတ်မှ လူဦးရေ ၂၀၀ ဖြင့်လည်းကောင်း ဝင်ရောက်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) တစ်ခါသုံးကတ် လုပ်ဆောင်ရာတွင် မူဆယ်ခရိုင်/မြို့နယ်အဆင့်ရှိ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့များ နှင့်လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ အသေးစိတ်စိစစ်ဆောင်ရွက်ပေးလျက်ရှိကာ လာရောက်လျှောက်ထားသူများပြားကြောင်း သိရသည်။
အဆိုပါ TBP တစ်ခါသုံးကတ် လုပ်ဆောင်ပေးသည့်နေရာတွင် ပြည်သူများကျန်းမာရေး တစ်စုံတစ်ရာဖြစ်ပေါ်လာပါက အချိန်မီဆေးကုသမှုခံယူရန်အတွက်လည်း မူဆယ်မြို့ရှိ ကျန်းမာရေးအဖွဲ့မိုင်းယု(၁၀၅)မိုင် ကြက်ခြေနီ သူနာပြုအဖွဲ့က အရေးပေါ်ရှေးဦးပြုစုပေးပြီး လိုအပ်ပါက ဆေးကုသမှုအတွက် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇင်(မြန်မာ့အလင်း)