လွိုင်ကော် စက်တင်ဘာ ၁၈
ကယားပြည်နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်း ပြည်နယ်အဆင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဒေသကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံခြင်းအထိမ်းအမှတ် Video Clip အားပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကျောင်းကျန်းမာရေး အသိပညာပေးဆိုင်ရာပြခန်းများ ၊ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပြီးသော ကျောင်းသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့တွင်းလမ်းအပိုင်းများ အဆင့်မြှင့်ကတ္တရာကွန်ကရစ်လမ်းခင်းကျင်းနေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးက ၂၀၂၃ - ၂ဝ၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အတွင်းရှိ အဆင့်မြှင့် ကတ္တရာကွန်ကရစ်လမ်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း လမ်းတံတားများ တိုးချဲ့ဆောက်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သတင်းစဉ်