နေပြည်တော် စက်တင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ မြို့တော်ခန်းမ၌ အခြေပြု၍ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၈၁၄ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂၃၅ ဦး၊ ခွဲစိတ်ရောဂါ ၆၅ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၆ ဦး၊ ကလေး ရောဂါ ၆၂ ဦး၊ အရိုးရောဂါ ၉၂ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ ၅၃ ဦး၊ မျက်စိရောဂါ ၂၁၃ ဦးနှင့် သွားရောဂါ ၆၈ ဦး တို့ကို လိုအပ်သည့် ဆေးဝါးကုသမှု များ ဆောင်ရွက်ပေးပြီး ၎င်းတို့ အနက်မှ အထွေထွေခွဲစိတ်လူနာ ရှစ်ဦးနှင့် မျက်စိခွဲစိတ်လူနာကိုးဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၃၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၉ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၄ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၆ ဦးတို့ကို ရွေ့လျားဓာတ်မှန် ရိုက်ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ် စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့် အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံရန် လိုအပ်သူ ၂၅ ဦးအား ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက် ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ကြောင်း သိရသည်။
ကြည့်ရှုအားပေး
ထိုသို့ နယ်လှည့် အထူးဆေးကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင် ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးသည်။
ပြည်သူများ၏ စကားသံများ
နယ်လှည့် အထူးဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ၏ စကားသံများကို လည်း ယခုလိုကြားသိရသည်-‘‘ မျက်စိ တိမ်ပါတာ မမြင် ရလို့ ခွဲစိတ်ကုသပါတယ်။ မမြင်ရတာလည်း တစ်လကျော် လောက်ရှိပါပြီ။ ဒီနယ်လှည့် ဆေးကုသအဖွဲ့နဲ့ကြုံလို့ မြင်ရမယ်ဆိုလို့ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဘာပဲပြော ပြောအပြင်မှာခွဲမယ်ဆိုရင် စရိတ်စကတွေအများကြီး ဈေးကြီးပါတယ်။ ဒါကြောင့်ဒီမှာလာပြီး အခမဲ့ခွဲစိတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ ဆရာဝန်၊ ဆရာမတွေကိုလည်း အထူးကျေးဇူးတင်ပါတယ်။’’
‘‘ မနေ့က လာရောက်ခွဲစိတ် ကုသတာပါ။ မျက်လုံးအိမ်ကျဉ်း တော့တော်တော်လေး ခွဲယူရပါတယ်။ အခုကျတော့ ကောင်းသွားပါပြီ၊ တဖြည်းဖြည်းတော့ တအားကြီးမြင်ရမှာပေါ့။ အခုဆို လို့ရှိရင် အရင်ကမမြင်ရတာတွေ မြင်ရပြီပေါ့။ လာရောက်ကုသပေးတဲ့ ဆရာဝန်တွေ၊ ဆရာမတွေ၊ သားတွေသမီးတွေကိုလည်း အလွန်ကျေးဇူးတင်ပါ တယ်။ ပိုက်ဆံမရှိလို့ မခွဲနိုင် ဘူး။ သေရင်တောင် အကန်းနဲ့ သေရမှာပါ။ အခုလို လာရောက်ခွဲစိတ်ကုသပေးတဲ့အတွက်မြင်ရပါပြီ။ ကျေးဇူးတွေအများကြီး တင်ပါတယ်။ မျက်မှန်တပ်ပေး တာအကုန်လုံး၊ တစ်ဖွဲ့သားလုံးကို ကျေးဇူးတင်ပါတယ်။ အမေကြီးနဲ့ ထပ်တူထပ်မျှရောဂါအမျိုးမျိုး၊ ဘေးအမျိုးမျိုး၊ အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပါစေလို့ ဆုတောင်းပေးပါတယ်။ ကျန်းမာလို့ချမ်းသာကြပါစေ။’’
သတင်းစဉ်