ပူတာအို စက်တင်ဘာ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပူတာအိုမြို့လေဆိပ်မှ မြို့ဝင်လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပရေးအတွက် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် မိုးစပါးစံပြစိုက်ကွင်းဘေး လမ်းဘေးဝဲ/ ယာတစ်လျှောက် စည်ပင်သာယာရေးအဖွဲ့မှ ပန်းအလှပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဘေးဝဲ/ယာရှိ သစ်ပင်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ရေး မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက်အဆိုပါပြည်ထောင်စု လမ်းမဘေးရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မတ်ပန်ခြံ၌ ကျွဲကောပင်များ စိုက်ပျိုးဖြစ်ထွန်းမှု၊ ဂရိတ်ဖရု ကိုင်းဆက်မျိုးပွားပျိုးပင်များ ပျိုးထောင် စိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကြပြီး ဂရိတ်ဖရုပျိုးပင်များ ဖြန့်ဝေဆောင်ရွက်နိုင်မှုအခြေအနေများကို မေးမြန်းဆွေးနွေးကာ ခြံစိုက်တောင်သူများအပြင် ဒေသခံများ၏ ခြံဝင်းများတွင် စိုက်ပျိုးဆောင်ရွက်နိုင်ရေး တိုးချဲ့ပျိုးထောင်ထားရှိရန် တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လုံးစွတ်ရပ်ကွက်နှင့် လေယာဉ်ကွင်းရပ်ကွက်ချင်းဆက်နေရာရှိ ပြည်ထောင်စုလမ်းမဘေး၌ စည်ပင်သာယာရေးအဖွဲ့က မြေယာရှုခင်းပြုပြင်၍ Welcome to Putao စာလုံးပုံဖော်၍ အလှတပ်ဆင်ဆောင်ရွက်ထားရှိမှုကို သစ်လွင်တောက်ပသည့် ဆေးရောင်ခြယ်သနိုင်ရေးနှင့် လမ်းဘေးတစ်လျှောက် စိုက်ပျိုးထားသည့် စက္ကူပန်းပင်များ ရှင်သန်ဖြစ်ထွန်းစေရန် ပြုစုပျိုးထောင်သွားနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပူတာအိုလေဆိပ် အဝင်ဆိုင်းဘုတ်နေရာ၌ လမ်းဘေးဝဲ/ယာသန့်ရှင်းသာယာလှပရေး၊ အလှပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် လေဆိပ်ဝင်းအတွင်း ပန်းအလှပင်များ ပုံဖော်စိုက်ပျိုးထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး “ပူတာအိုမြို့မှကြိုဆိုပါ၏” ဆိုင်းဘုတ်အား အသစ်ပြုပြင်ဆောင်ရွက်နိုင်ရေး၊ လေဆိပ်အဆောက်အအုံနှင့် ပတ်ဝန်းကျင်တစ်ခုလုံး သန့်ရှင်းရေး၊ သာယာလှပလာစေရေး တာဝန်ရှိသူများနှင့်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် လေယာဉ်ကွင်းရပ်ကွက်အတွင်း လမ်းဆုံနေရာ၌ မြို့ဝင်ရုပ်တု ပန်းခြံဆောင်ရွက်ထားရှိမှုနှင့် လမ်းမကြီးတစ်လျှောက် သန့်ရှင်းသပ်ရပ်မှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပူတာအိုဒေသသည် အရှေ့တောင်အာရှတွင် တစ်ခုတည်းသော ရေခဲတောင်ရှိရာဒေသဖြစ်သည်နှင့်အညီ ခရီးသွားလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာနိုင်မည်ဖြစ်သဖြင့် မြို့ပြသန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ခရီးသွားများအား ဆွဲဆောင်ရာတွင် ဒေသခံတိုင်းရင်းသားတို့၏ ဓလေ့ထုံးစံရိုးရာယဉ်ကျေးမှုကို ဖော်ထုတ်ပြသသွားရန်လိုအပ်ကြောင်း တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် လုံးစွတ်ရပ်ကွက်အတွင်းရှိ နမ်ထွမ်ချောင်းတံတားမှတစ်ဆင့် ချောင်းရေစီးဆင်းမှုအခြေအနေနှင့် ကောင်ကထောင်ရပ်ကွက်အတွင်း လမ်းဘေး ဝဲ/ယာတစ်လျှောက် လှည့်လည် ကြည့်ရှုစစ်ဆေးကြပြီး ပူတာအိုတပ်နယ်အတွင်းရှိ တပ်ထောက်စေတီတော် တည်ထားကိုးကွယ်ထားရှိမှုကို လှည့်လည်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်