Skip to main content

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား လက်မှတ်ရေးထိုးခဲ့သော ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချွန်လွှာ အကောင်အထည်ဖော်မည့်လုပ်ငန်းရပ်များအား ဆွေးနွေးခြင်းနှင့် (၈)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၆

ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့တွင် စက်တင်ဘာ ၁၀ ရက်မှ ၁၃ ရက်အထိ (၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် ကျင်းပနေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ်နှင့်တွေ့ဆုံ၍ ဥပဒေရေးရာကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်မည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာစာချွန်လွှာ (Memo-randum of Cooperation) အရ အကောင်အထည် ဖော်မည့်လုပ်ငန်းရပ်များအား ဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံဥပဒေများ အပြန်အလှန်ပေးပို့လေ့လာ

အဆိုပါအစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ “တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု ဟူသည့် မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ပါ မျှော်မှန်းချက်များနှင့်အညီ ဥပဒေရေးရာဝန်ကြီးဌာနနှင့် အဆင့်ဆင့်သောဥပဒေရုံးတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဥပဒေအရာရှိများ၏ ဥပဒေရေးရာ စွမ်းဆောင်ရည်များ ပိုမိုတိုးတက်ကောင်းမွန်စေရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံး လက်အောက်ရှိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့ဖျား ဥပဒေတက္ကသိုလ်သို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ဥပဒေအရာရှိများအား ပညာတော်သင်များစေလွှတ်မည့်စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ဥပဒေရေးရာ သုတေသနပြုခြင်းလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခြင်းများ၊ ပြစ်မှုဆိုင်ရာနှင့် တရားမဆိုင်ရာအမှုများတွင် အီလက်ထရောနစ်သက်သေခံ တင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ၊ ၂၀၂၄ - ၂၀၂၅ ခုနှစ်အတွင်း ဥပဒေအသိပညာ ပြန့်ပွားရေးဆိုင်ရာလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ တရားခံလွှဲပြောင်းရေးနှင့် ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအချင်းချင်းအကူအညီ ပေးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံဥပဒေများအား အပြန်အလှန်ပေးပို့လေ့လာခြင်း စသည့်ကိစ္စရပ်များကို ဆွေးနွေးကြသည်။

(၈)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (8th Eastern Economic Forum) တွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက စဉ်ဆက်မပြတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အခြေခံအုတ်မြစ်အဖြစ် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် (Protected Business as basis of Sustainable Economic Development) ခေါင်းစဉ်ဖြင့် ကျင်းပသောဆွေးနွေးပွဲတွင် Penalist Speaker အဖြစ် ဆွေးနွေးဟောပြောခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များ (Sustainable Development Goals (SDGs)) ကို ၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂက ဆင်းရဲနွမ်းပါးမှုရပ်တန့်ရန်၊ ကမ္ဘာမြေကြီးကို ကာကွယ်ရန်၊ ၂၀၃၀ ခုနှစ်တွင်လူသားများအားလုံးငြိမ်းချမ်း၍ ချမ်းသာကြွယ်ဝခြင်းကို ခံစားနိုင်စေရေးအတွက် ချမှတ်ခဲ့ပါကြောင်း၊ ယင်း၏ရည်မှန်းချက်ပန်းတိုင် ၈ သည် အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သော စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်နှင့် သင့်လျော်သော အလုပ်များကို မြှင့်တင်ရန်ဖြစ်ပါကြောင်း။

စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်များသည် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာခြင်းအပါအဝင် ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံသဘောတရားများအတိုင်း လမ်းညွှန်ထားခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံများအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သည့် စီးပွားရေးဖြစ်ရန်အတွက် ခိုင်မာသည့် ဥပဒေမူဘောင်များရှိရန် လိုအပ်ပါကြောင်း၊ ဥပဒေမူဘောင်များကို နိုင်ငံတကာ၊ ဒေသဆိုင်ရာနှင့် ပြည်တွင်းဥပဒေ မူဘောင်ဟူ၍ တွေ့မြင်နိုင်ပါကြောင်း၊ နိုင်ငံတကာဥပဒေမူဘောင်အနေဖြင့် နိုင်ငံတကာ ကုန်သွယ်မှုနှင့်ပတ်သက်၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ သဘောတူညီချက်များနှင့် စည်းမျဉ်းစည်းကမ်းများ၊ နိုင်ငံခြားအနုညာတဆုံးဖြတ်ချက်များကို အသိအမှတ်ပြုခြင်းနှင့် အတည်ပြုခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (New York Convention) ကဲ့သို့သော အပြည်ပြည်ဆိုင်ရာဥပဒေမူဘောင်များ ရှိပါကြောင်း။

ပဋိညာဉ်ပါပြဋ္ဌာန်းချက်များ လိုက်နာ

ဒေသဆိုင်ရာအဆင့်တွင် မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အလျောက် အာဆီယံပဋိညာဉ်ကို အထူးအလေးပေးလျက် ပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာလျက်ရှိပါကြောင်း၊ အာဆီယံတွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ဆောင်ရွက်လျက်ရှိသည့် လွတ်လပ်သောကုန်သွယ်မှုဒေသဆိုင်ရာ သဘောတူစာချုပ်များ၊ အငြင်းပွားမှုဖြေရှင်းခြင်း နည်းလမ်းများတိုးမြှင့်ခြင်းဆိုင်ရာ အာဆီယံစာချုပ် ကဲ့သို့သောစာချုပ်များကို တွေ့နိုင်ပါကြောင်း၊ ပြည်တွင်းကိုကြည့်လျှင် မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ကာကွယ်မှုရှိသော စီးပွားရေးဖြစ်စေရန် ဥပဒေများချမှတ်လျက် အကောင်အထည်ဖော် လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) အရ နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးပါကြောင်း၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကိုရှေးရှုပါကြောင်း၊ နိုင်ငံအချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင် စီးပွားရေးနှင့်စပ်လျဉ်း၍ “တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအားမြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟူ၍ ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာကဏ္ဍအလိုက် သက်ဆိုင်ရာဥပဒေများကိုလည်း ချမှတ်လျက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်၍ ကာကွယ်မှုရှိသော စီးပွားရေးဖြစ်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဥပဒေမူဘောင်များ ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ကမ္ဘာ့နိုင်ငံအားလုံးသည် တစ်နေ့ထက်တစ်နေ့ ခေတ်မီတိုးတက်ပြောင်းလဲလျက်ရှိပြီး အဓိကအားဖြင့် နည်းပညာတွင် များစွာတိုးတက်လျက်ရှိခြင်းကြောင့် နိုင်ငံများအနေဖြင့် ခေတ်နှင့်လျော်ညီသော ဥပဒေမူဘောင်များသည် နိုင်ငံအလိုက်စီးပွားရေးဆိုင်ရာမူဝါဒများ ပြောင်းလဲမှုအလိုက် ပြောင်းလဲပြဋ္ဌာန်းရန် လိုအပ်လာပါကြောင်း၊ ထို့ကြောင့် နိုင်ငံအလိုက် ခေတ်မီတိုးတက်သော ဥပဒေမူဘောင်များကို ပြဋ္ဌာန်းနိုင်ရေးစဉ်းစားဆောင်ရွက်သင့်ပါကြောင်း၊ အထူးသဖြင့် ဥပဒေမူဘောင်များတွင် ဒစ်ဂျစ်တယ်စီးပွားရေး၊ တရားစီရင်ရေးဆိုင်ရာ၊ အီလက်ထရောနစ် ကူးသန်းရောင်းဝယ်ရေး၊ နိုင်ငံဖြတ်ကျော်ဥပဒေဝန်ဆောင်မှုပေးခြင်း၊ ဒေသအလိုက် Online Virtual အစည်းအဝေးကျင်းပခြင်းကဲ့သို့သော ကဏ္ဍများကို တိုးတက်ပြောင်းလဲလာသော ခေတ်နှင့်ကိုက်ညီမှုရှိစေရန် ဥပဒေမူဘောင်များကို ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်သင့်ပါကြောင်း၊ ထို့ပြင် စီးပွားရေးဆိုင်ရာအငြင်းပွားမှုများကို သမားရိုးကျနည်းလမ်းဖြင့်မဟုတ်ဘဲ အွန်လိုင်းအသုံးပြု၍ ဖြေရှင်းဆောင်ရွက်သည့်နည်းလမ်း (OnlineDispute Resolution) များ၊ တစ်ဖက်သတ် နိုင်ငံခြားစီးပွားရေးပိတ်ဆို့မှုများကို ကျော်လွှာခြင်းဆိုင်ရာ ဥပဒေမူဘောင်ကို ဖော်ထုတ်ဆောင်ရွက်သင့်ပါကြောင်း ပြောကြားသည်။

(၈) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်တွင် စဉ်ဆက်မပြတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာနှင့်စပ်လျဉ်း၍ ဖိုရမ်သို့တက်ရောက်သော ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်