နေပြည်တော် စက်တင်ဘာ ၁၆
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် တရုတ် - အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဖန်ချန်းကန်မြို့ရှိ တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီးပွားရေးဇုန် တည်ထောင်ဖွင့်လှစ်ထားရှိမှု အထိမ်းအမှတ်ပြခန်းကို သွားရောက်လေ့လာကြသည်။
ရှေးဦးစွာ တာဝန်ရှိသူများက တိုင်းရင်းဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဇုန်ဖြစ်ပေါ်လာပုံ၊ ထုတ်လုပ်လျက်ရှိသည့် တိုင်းရင်းဆေးဝါးများအကြောင်း၊ တိုင်းရင်းဆေးပင်မျိုးစိတ်များအကြောင်း၊ တိုင်းရင်းဆေးဝါးတစ်မျိုးစီ၏အသုံးပြုပုံများကို အသေးစိတ်လိုက်လံရှင်းလင်းပြသခဲ့ကြသည်။ ယင်းနောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြခန်းအတွင်းပြသထားသည့် တိုင်းရင်းဆေးဝါးကုန်ကြမ်းများ၊ ကုန်ချောများ၊ တိုင်းရင်းဆေးပင်များအား လိုက်လံကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
(၇) ကြိမ်မြောက် တရုတ် - အာဆီယံ တိုင်းရင်းဆေးနှင့် ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေး ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးဝါးနှင့် ကုန်ကြမ်းများအရည် အသွေးစစ်ဆေးရေးနှင့် စံသတ်မှတ်ရေးဆိုင်ရာမူဝါဒဆွေးနွေးပွဲ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေးဆိုင်ရာဆွေးနွေးပွဲ၊ တိုင်းရင်းဆေးဝါးစက်ရုံများ တည်ထောင်ရေးဆိုင်ရာ ဆွေးနွေးပွဲခေါင်းစဉ်များဖြင့်ကျင်းပရာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနများမှ ဘာသာရပ်ဆိုင်ရာအဆင့်မြင့်အရာရှိကြီးများက မြန်မာနိုင်ငံ၏တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ မူဝါဒလုပ်ငန်းစဉ်များ၊ တိုင်းရင်းဆေးသုတေသန လုပ်ငန်းဆောင်ရွက်နေမှုများ၊ တရုတ် - အာဆီယံနိုင်ငံများနှင့် တိုင်းရင်းဆေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်