နေပြည်တော် စက်တင်ဘာ ၁၅
နေပြည်တော် စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် ဇလောင်းကျေး ရွာအုပ်စု ဇလောင်း(တောင်)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဆွေးနွေးပြောကြား
ဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ယခုသင်တန်းအား ဇလောင်း(တောင်) စံပြကျေးရွာရှိ သင်တန်းသား ၁၀ ဦးဖြင့် ပထမအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသားများထဲမှ အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူ သင်တန်းသားများကို အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်အထိ မွမ်းမံသင်တန်း ထပ်မံသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ယနေ့ဖွင့်လှစ်သည့် သင်တန်းဆင်းများအနက် ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းပြန်လည်လုပ်ကိုင်မည့်သူ ငါးဦးကို တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းနှင့်ညီမျှသည့် လိုအပ်သော ရင်းနှီးစက်ပစ္စည်းများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ဇလောင်း(တောင်)စံပြကျေးရွာ၌ နေထိုင်ကြသူများအနေဖြင့် မိမိတို့စံပြကျေးရွာမှ တစ်ပိုင် တစ်နိုင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ပေါ်ထွက်လာပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းငယ်များ မှသည် အလတ်စား၊ အကြီးစား စက်မှုလက်မှုလုပ်ငန်းများအထိ တက်လှမ်းနိုင်အောင် ကြိုးစား သွားကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်က ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးရေး စီမံကိန်း အကောင်အထည်ဖော်ရေးအဖွဲ့ဝင်များကို စီမံကိန်းဝတ်စုံများ ပေးအပ်ခဲ့ပြီး ဇလောင်း (တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဆရာတော် ဦးဇောတိက ထံ ဆွမ်းဆန်စိမ်း၊ ဆီနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဥတ္တရသီရိမြို့နယ် မောင်းရမ်းကျေးရွာ တောင်သူ ဦးထွန်းဝေ၏ ကွင်းအမှတ်-၁၈၈၅၊ ဦးပိုင်-၁၀၄ ဆင်းသုခ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင် ဖြစ်ထွန်းနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်