Skip to main content

နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ်(၁၉) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

 ရှေးဦးစွာ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်သည်။ 

 ယင်းနောက် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းတို့က အမှာစကားပြောကြားကြသည်။

 ဆက်လက်၍ ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ဇင်အောင်က ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ကိုယ်စား လူငယ်ဘက်စုံဖွံ့ဖြိုးရေးအခမ်းအနားအတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က လက်ခံရယူသည်။

 ယင်းနောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လူငယ်အသိပညာပေး ဟောပြောသည်။ 

 ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှ ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့က ဖျော်ဖြေရေးအစီအစဉ်များဖြင့် သီဆိုတင်ဆက်ကြသည်။

 ထို့နောက် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် အထင်ကရနေရာများကို ကျောင်းသား ကျောင်းသူလူငယ်များအား ဗဟုသုတရရှိစေရန် “လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြဘုတ်များ ခင်းကျင်းပြသခြင်း၊ ကျောင်းသား ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုး‌ရေးနှင့် ပတ်သက်သည့် အသိပညာပေး စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာအုပ်စာစောင်များ ခင်းကျင်း ပြသခြင်း၊ မြားပစ်ပြိုင်ပွဲ၊ စက်ပန်းလှည့်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲနှင့် ခွက်နင်းလမ်း‌လျှောက်ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်း စသည့် ပျော်ရွှင်ဖွယ်ဂိမ်းများကစား၍ အနိုင်ရရှိသူများအား အမျိုးသားစာပေဆုရှင် ဆရာစိုးတင့်(ဧရာဝတီ)မိသားစုနှင့် ဒက္ခိဏသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က လှူဒါန်းသော စာရေးကိရိယာများနှင့်မုန့်များ ချီးမြှင့်ပေးအပ်ကာ ကျောင်းသား ကျောင်းသူများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)