Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ်အတွေ့အကြုံ ရှင်းလင်းပွဲကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၅

ပြည်ပနိုင်ငံများ၌ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးနှင့် လေ့လာရေးခရီးစဉ်များသွားရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပအတွေ့အကြုံရှင်းလင်းပွဲကို ယနေ့တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အတွေ့အကြုံရှင်းလင်းပွဲသို့ ဒုတိယဝန်ကြီး ဦးရဲတင့်၊အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မိမိတို့ လေ့လာသင်ယူခဲ့ရသည့် နိုင်ငံတကာအတွေ့ အကြုံ၊ လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံများကို အများစိတ်ဝင်စားဖွယ် ပြန်လည်ဆွေးနွေးကြ ရန်နှင့် တက်ရောက်နားထောင်သူများအနေဖြင့် အကျိုးရှိထိရောက်အောင် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက်ဝန်ကြီးရုံးမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော် က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ ၌ကျင်းပသည့် သတင်းတု၊ သတင်းမှားတိုက်ဖျက်ရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းဆိုင်ရာ ဖွံ့ဖြိုးရေးအလုပ်ရုံ ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိယအင်ဂျင်နီယာချုပ် ဦးကျော်ရွှေက မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် အာရှ-ပစိဖိတ်ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ အဖွဲ့ဝင်နိုင်ငံများ၏ ဒစ်ဂျစ်တယ်စနစ် ရုပ်သံထုတ်လွှင့်မှု ညီလာခံသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရုပ်သံကျွမ်းကျင်(၂) ဦးရဲအောင်က ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပသည့် အာဆီယံသတင်းသမားများ လေ့လာရေးခရီးစဉ်သို့ ပါဝင်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးမြင့်အောင်က အင်ဒိုနီးရှားနိုင်ငံ  ဘာလီမြို့၌ကျင်းပသည့် အာဆီယံ-ဩစတြေးလျ နယ်မြေဖြတ်ကျော်အကြမ်း ဖက်မှုနှိမ်နင်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ အလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇေယျာက အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် (၁၈)ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ လက်ထောက်အင်ဂျင်နီယာ ဦးကျော်လွင်စိုးက အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကျင်းပသည့် (၁၈)ကြိမ်မြောက် အာရှသတင်းမီဒီယာ ထိပ်သီးအစည်းအဝေးနှင့် အကြိုညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးရဲတင့်က ဝန်ထမ်းများ လုပ်ငန်းပိုင်းဆိုင်ရာ အသိအမြင်ဗဟုသုတ ကြွယ်ဝရေးအတွက် ပြည်ပခရီးစဉ်များကို စေလွှတ်လျက်ရှိကြောင်း၊ ထိုသို့စေလွှတ်ရာတွင် အချိန်အား၊ ငွေအား၊ လူအား ရင်းနှီးပေးဆပ်ရသဖြင့် ထိုက်တန်သည့် အကျိုးကျေးဇူးများရရှိအောင် စွမ်းဆောင်ကြိုးပမ်းကြစေလိုကြောင်း၊ သွားရသည့် ခရီး၏ အကျိုးရလဒ်အဖြစ် မိမိအတွက်၊ ဌာနအတွက်၊ နိုင်ငံအတွက် ရလဒ်ကောင်းများရရှိအောင်၊ လုပ်ငန်းခွင်ပိုမိုတိုးတက်ရေးအတွက် တီထွင်ဖန်တီး လုပ်ကိုင်နိုင်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်း၊ တက်ရောက် နားထောင်သူများအနေဖြင့်လည်း သိသင့်သိထိုက်သည်များ၊ သိရှိလိုသည်များကို မေးမြန်း ကြခြင်းဖြင့် ပိုမိုအကျိုးရှိထိရောက်အောင် ဆောင်ရွက်ကြစေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်