နေပြည်တော် စက်တင်ဘာ ၁၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၄ ရက်မှ ၁၅ ရက်အထိ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်းရှိ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များ၊ အစိုးရစက်မှု လက်မှုသိပ္ပံများနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မွန်ပြည်နယ် မော်လမြိုင်မြို့သို့ ရောက်ရှိပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်နေသည့် အခြေအနေ၊ ဒေသအကျိုးပြု သုတေသန ဆောင်ရွက်ပေးနိုင်သည့် အခြေအနေနှင့် လိုအပ်သောနည်းပညာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် တာဝန်ရှိသူများက ပူးပေါင်း ဆောင်ရွက်နိုင်မည့် သုတေသနဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်အနေဖြင့် ကူညီပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ် (သထုံ)၊ နည်းပညာတက္ကသိုလ် (မော်လမြိုင်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်) တို့သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်နှင့် ကျောင်းများ၏ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများ၊ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာစေရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင် ကောင်းများ ဖြစ်ပေါ်စေရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (မော်လမြိုင်)တွင် ဇီဝမြေဩဇာ ထုတ်လုပ်ဖြန့်ဖြူးနေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားသည်။
စက်တင်ဘာ ၁၅ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသလိုအပ်ချက်နှင့် ကိုက်ညီသော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် လိုအပ်သော နည်းပညာများ ထောက်ပံ့ပေးနိုင်ရေးတို့ကို တွေ့ဆုံဆွေးနွေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ဘားအံ)၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)နှင့် အစိုးရ နည်းပညာ အထက်တန်းကျောင်း (ဘားအံ)သို့ ရောက်ရှိပြီး ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဒုတိယပါမောက္ခချုပ်များ၊ ကျောင်းအုပ် ကြီးများက ကျောင်းဆိုင်ရာ အချက်အလက်များ ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီး က အရည်အသွေးပြည့်ဝသော သင်ကြားသင်ယူမှုများ အကောင်အထည်ဖော်ဆောင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အညီ လူ့စွမ်းအားအရင်း အမြစ်များ ပြုစုပျိုးထောင်ပေးနိုင်ရေးနှင့် ထုတ်ကုန်အရည်အသွေးမြှင့်နည်းပညာများ ဖြန့်ဖြူး ပေးနိုင်ရေး ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အစိုးရစက်မှု လက်မှုသိပ္ပံ (ဘားအံ) စီမံကိန်းတည်ဆောက်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
သတင်းစဉ်