Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ၂၀၂၃ ခုနှစ် တရုတ် - အာဆီယံ သက်မွေးပညာရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဖိုရမ်သို့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ Guangxi Polytechnics of Construction ၌ ယနေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၂၃ တရုတ်-အာဆီယံ သက်မွေးပညာရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဖိုရမ်သို့ တက်ရောက်သည်။

ဦးစွာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူးနှင့် အစိုးရတာဝန်ရှိသူများက အာဆီယံကိုယ်စားလှယ်များကို ဧည့်ခံတွေ့ဆုံခဲ့ပြီး Senior Officials Meeting ကို ပြုလုပ်ကာ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။ ဖွင့်ပွဲအခမ်းအနား၌ ဒုတိယဝန်ကြီးသည် ကွမ်ရှီးဒေသ တာဝန်ရှိသူများ၊ အာဆီံယံနိုင်ငံများမှ ဒုတိယဝန်ကြီးများ၊ ဟောင်ကောင်နှင့် မကာအိုတို့မှ အဆင့်မြင့်အရာရှိ ကြီးများနှင့်အတူ အမှာစကား ပြောကြားသည်။

ဒုတိယဝန်ကြီးက ပြောကြားရာတွင် နိုင်ငံတော်မှ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်မွေးပညာရပ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေးအတွက် MSMEs လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ကုန်ထုတ်လုပ်ငန်းများကို ခေတ်မီ နည်းပညာများ အသုံးချ၍ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းအတွက် ယခုနှစ်မှစ၍ စက်မှု-စိုက်ပျိုးရေး-မွေးမြူရေး အထက်တန်းကျောင်းများကိုပါ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ မြန်မာနိုင်ငံ၏ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍကို အဓိက Focal အဖြစ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ဒေသရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် အခြားဇုန်များ၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရည်အသွေးပြည့်မီသော သက်မွေးပညာရှင်များကို မွေးထုတ်ပေးလျက်ရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ BRI၊ လန်ချန်း-မဲခေါင်စီမံကိန်းများနှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍ ပံ့ပိုးပေးမှုများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်-မြန်မာနှင့် အခြားအာဆီယံနိုင်ငံများ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲသထက်ခိုင်မြဲစေရန်နှင့် နည်းပညာ၊ သက်မွေးပညာကဏ္ဍ ဖွံ့ဖြိုးရေး အကျိုးတူပူးပေါင်းမှုတို့ကို မြှင့်တင်ဆောင်ရွက်လိုပါကြောင်း၊ ယင်းအတွက် ရင်းနှီးမြှုပ်နှံမှုများကို လှိုက်လှဲစွာ ကြိုဆိုဖိတ်ခေါ်ပါကြောင်း ပြောကြားခဲ့သည်။

ဖိုရမ်သို့ အာဆီယံနိုင်ငံများမှ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူ ၁၁၈ ဦး၊ တက္ကသိုလ်၊ ကောလိပ် ၁၁၉ ကျောင်းတို့မှ ပါမောက္ခချုပ်များ၊ မဟာဌာနမှူးများနှင့် ပါမောက္ခ ၂၇၂ ဦး၊ စီးပွားရေးလုပ်ငန်းရှင် ၅၂ ဦး၊ တရုတ်ပြည်နယ် ၂၀ မှ အစိုးရအရာရှိ ၇၉ ဦး၊ တရုတ်ရှိ တက္ကသိုလ်၊ ကောလိပ် ၂၉၁ ကျောင်းတို့မှ ပါမောက္ခချုပ်များ၊ မဟာဌာနမှူးများနှင့် ပါမောက္ခ ၃၅၆ ဦးနှင့် စီးပွားရေးလုပ်ငန်းရှင် ၈၁ ဦး တက်ရောက်သည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် အဖွဲ့သည် အခြားကိုယ်စားလှယ် များနှင့်အတူ ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံအသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ TVET ပညာရပ်ဖိုရမ်များ ပြုလုပ်ခြင်းနှင့် ခင်းကျင်းပြသထားမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်