နေပြည်တော် စက်တင်ဘာ ၁၅
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၏ တီတွတ်ပိုက်လိုင်း အခြေစိုက်စခန်း၊ ဓာတ်ငွေ့ဖိအားမြှင့်စက်ရုံ (တီတွတ်)နှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့ရေနံဓာတု ဗေဒလုပ်ငန်း၏ အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)နှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)တို့အား စက်တင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၄ ရက်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း တီတွတ်ပိုက်လိုင်းအခြေစိုက်စခန်း၊ တီတွတ်သဘာဝဓာတ်ငွေ့ဖိအားမြှင့်စက်ရုံသို့ ရောက်ရှိရာ စခန်း တာဝန်ရှိသူများက အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)အတွက် လိုအပ်သောသဘာဝဓာတ်ငွေ့များ ပို့လွှတ်ပေးနိုင်ရေး မကွေး-တီတွတ်-ကျော်စွာ ပိုက်လိုင်းနှင့် ဖိအားမြှင့်စက်များ ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရသည့်အခြေအနေများနှင့် စက်ပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) စက်ရုံ ပုံမှန်လည်ပတ်နိုင်သည့် အခြေအနေသို့ ရောက်ရှိပါက လိုအပ်မည့်သဘာဝဓာတ်ငွေ့စဉ်ဆက်မပြတ် ပို့လွှတ်ပေးနိုင်ရေး ပိုက်လိုင်းစစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများနှင့် ဖိအားမြှင့်စက်ကို သတ်မှတ်ဖိအားအတိုင်း ပုံမှန်ပို့လွှတ်ပေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ အသုံးပြုနေသည့် Gas Turbine နှင့် Compressor များအား ပုံမှန် Maintenance ပြုလုပ်၍ မှတ်တမ်းများ ထားရှိရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားဆောင်ရွက်သွားရန်ဖြစ်ကြောင်း မှာကြားပြီး ဓာတ်ငွေ့ဖိအားမြှင့်စက်ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ခရိုင် အနောက်ဘက်ကမ်းရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ရှာဖွေတူးဖော်နေသည့် အစမ်းတွင်းသို့ ရောက်ရှိပြီး ကြည့်ရှုကာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး သတ်မှတ်စည်းကမ်းများအတိုင်း အလေးထား လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံတော်၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ယခုထက်ပိုမို တိုးတက်ထုတ်လုပ်ပေးနိုင်ရေး ကြိုးစားထုတ်လုပ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားပြီး အစမ်းတွင်းတူးဖော်နေမှုအခြေအနေအား ကြည့်ရှုသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)သို့ ရောက်ရှိခဲ့ရာ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံကို ယခင်လည်ပတ်ထုတ်လုပ်နိုင်ခဲ့မှု အခြေအနေ၊ ၂၀၁၀ ပြည့်နှစ်မှစ၍ ရပ်ဆိုင်းထားခဲ့သော စက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး ပြုပြင်ဆောင် ရွက်ခဲ့ရသည့်အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သည့်ယူရီးယားဓာတ်မြေဩဇာများအား ပြည်တွင်းမှ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် အမှတ်(၃)ဓာတ်မြေဩဇာစက်ရုံ(ကျော်စွာ)အား ပြန်လည်လည်ပတ်ထုတ်လုပ်ရန် ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး သတ်မှတ်ထားသောလုပ်ငန်းခွင် ဆိုင်ရာ စည်းမျဉ်းများအား တိကျစွာ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်း၊ Chemical Reaction အဆင့်ဆင့်ဖြင့် ဓာတ်ပြုထုတ်လုပ်ရသော စက်ရုံဖြစ်သောကြောင့် အဆင့်တိုင်းတွင် Pressure နှင့် Tem-perature Gauge များနှင့် Meter များအား အမြဲကောင်းမွန်မှန်ကန်စေရန် အရေးကြီးကြောင်း၊ စက်များကြံ့ခိုင်ကောင်းမွန်ပြီး ပုံမှန်လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေ လိုကြောင်း၊ စက်ရုံမှ ထွက်ရှိသောဓာတ်မြေဩဇာများ၏ အရည်အသွေးကောင်းမွန်စေရေးကို စနစ်တကျဓာတ်ခွဲ၍ သတ်မှတ်အချိုးအစားများအတိုင်း တိကျစွာထုတ်လုပ်နိုင်ရန် အလေးထားဆောင်ရွက်ကြရန် လိုကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ခေတ်မီနည်းပညာများ အသုံးပြုနိုင်ရေး လိုအပ်သောစက်အစိတ်အပိုင်း ပြင်ဆင်လဲလှယ်ခြင်းလုပ်ငန်းများအား ဝိုင်းဝန်း ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း၊ ယူရီးယား ဓာတ်မြေဩဇာထုတ်လုပ်ကြရာတွင် သဘာဝ ဓာတ်ငွေ့ကို တိုက်ရိုက်အသုံးပြုထုတ်လုပ်နိုင်သည့် နည်းလမ်းများအပြင် အခြားသောအရင်းအမြစ်များကို အသုံးပြုထုတ်လုပ်နိုင်ရေး သုတေသနနှင့်ဖွံ့ဖြိုးရေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်ဖြစ်ကြောင်း မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံရှိ Control Room တွင် စက်များ ထိန်းချုပ်မောင်းနှင်နေမှုနှင့် ယူရီးယားဓာတ်မြေဩဇာများ စမ်းသပ်ထုတ်လုပ် နေမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မြန်မာ့ ရေနံဓာတုဗေဒလုပ်ငန်း ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)သို့ရောက်ရှိခဲ့ရာ အစည်းအဝေးခန်းမ၌ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် စက်ရုံမှူးတို့က စက်ရုံသမိုင်းကြောင်း၊ စက်ရုံလည်ပတ်ထုတ်လုပ်နေမှု စက်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည့် အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စက်များ ပုံမှန်လည်ပတ်နိုင်မှသာ နိုင်ငံတော်အတွက်လိုအပ်သော စက်သုံးဆီများ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း၊ စက်သုံးဆီများ၏အရည်အသွေးပြည့်မီရေး အလေးထား ဆောင်ရွက်သွားရန်လိုပါကြောင်း၊ စက်ကြံ့ခိုင် ကောင်းမွန်စေရေး လိုအပ်သောပြင်ဆင်မှုများကို ပုံမှန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပေါင်းခံသည့်နည်းစဉ် အသုံးပြု၍ ရေနံထုတ်ကုန်များထုတ်လုပ်ရသည့် စက်ရုံဖြစ်သဖြင့် Temperature Gauge ၊ Control Sensor နှင့် Meter များအား အမြဲကောင်းမွန်မှန်ကန်စေရန် အရေးကြီးကြောင်း၊ မီးဘေးအန္တရာယ်နှင့် စက်ရုံလုံခြုံရေးတို့ကို အထူးဂရုပြုဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားပြီး Control Room နှင့် စက်သုံးဆီများအား ဓာတ်ခွဲစမ်းသပ်နေမှု၊ စက်ရုံလည်ပတ်ပုံအဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ)၊ ရေနံဓာတုဗေဒ စက်ရုံစု (သံပရာကန်)တို့မှ ဝန်ထမ်းမိသားစုများနှင့် တွေ့ဆုံကာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်သာချောင်ချိရေးကိစ္စများအား မေးမြန်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းမိသားစုများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်ဆည်းပေးရန် မှာကြားသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၃) ဓာတ်မြေဩဇာ စက်ရုံ(ကျော်စွာ)သည် သဘာဝဓာတ်ငွေ့လုံလောက်စွာရရှိမှုမရှိသောကြောင့် ၂၀၁၀ ပြည့်နှစ် စက်တင်ဘာမှစ၍ ရပ်နားခဲ့ရပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်တွင်းမှ ဓာတ်မြေဩဇာများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး လမ်းညွှန်ချက်အရ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၃ ရက်တွင် စက်ပြုပြင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ဓာတ်မြေဩဇာများ ပြန်လည်စမ်းသပ်ထုတ်လုပ်လျက်ရှိပြီး စက်စွမ်းအား တည်ငြိမ်စွာဖြင့် ပုံမှန်လည်ပတ်ထုတ်လုပ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းနှင့် ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်)မှ နိုင်ငံတော်အတွက် လိုအပ်သည့်စက်သုံးဆီများ တိုးမြှင့် ထုတ်လုပ်နိုင်ရေး စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်