Skip to main content

ဗန်းမော်တက္ကသိုလ်၌ လူငယ်သီတင်းပတ်ကျင်းပ

ဗန်းမော် စက်တင်ဘာ ၁၄

ဗန်မော်တက္ကသိုလ်၌ “လူငယ်သီတင်းပတ်” အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၆ ရက်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး ဆောင်ရွက်လှုပ်ရှားမှုအနေဖြင့် စာရိတ္တဗလနှင့်ဘောဂဗလကို ဖော်ဆောင်သော သိမှတ်ဖွယ်ရာ ကျင့်ဝတ်အဖြာဖြာဟောပြောပွဲနှင့် ဒေသအကျိုးပြု စာတမ်းငယ်ဖတ်ကြားခြင်း အခမ်းအနားကို ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်ကအဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ပါမောက္ခများနှင့် ကျောင်းသားကျောင်းသူများက အသုံးချသုတေသန Project များ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုကြသည်။ ဆက်လက်ပြီး အရှေ့တိုင်းပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာဒေါ်စန်းရွှေက သိမှတ်ဖွယ်ရာကျင့်ဝတ် အဖြာဖြာခေါင်းစဉ်ဖြင့် ကျင့်ဝတ်ဆိုင်ရာ သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ပြီး ဓာတုဗေဒဌာနနှင့် ရူပဗေဒဌာနတို့မှ ကျောင်းသား ကျောင်းသူများက ဒေသအကျိုးပြုသုတေသနစာတမ်းငယ်များကို ဖတ်ကြားခဲ့ရာ ကျောင်းသားကျောင်းသူများက ကျင့်ဝတ်ဆိုင်ရာ ဉာဏ်စမ်းမေးခွန်းများကို တက်ကြွစွာပါဝင်ဖြေဆိုကာ သုတေသနစာတမ်းများအား စိတ်ပါဝင်စားစွာ အမေးအဖြေများပြုလုပ်ခဲ့ကြသည်။ စက်တင်ဘာ ၇ ရက်က ကာယဗလနှင့်ဉာဏဗလကို ဖော်ဆောင်သော အားကစားသရုပ်ပြပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယင်းတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်ဘာသာရပ်ဌာနအသီးသီးမှ ကျောင်းသား ကျောင်းသူများက တိုက်ကွမ်ဒိုအားကစား၊ လက်ဝှေ့အားကစားနှင့် Physical Fitness Dance အားကစားနည်းများကို သရုပ်ပြကစားကြသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်း၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုး၊ ဗန်းမော်တက္ကသိုလ် သင်္ချာဌာနနည်းပြ ဒေါ်ဆွေသီရိကျော်တို့က ဦးဆောင်ဆွေးနွေးသူများ အဖြစ်ဆောင်ရွက်ကြပြီး ဗန်းမော်တက္ကသိုလ် မြန်မာစာပထမနှစ် မဟာတန်းကျောင်းသူ မနှင်းဖြူဖြူသွယ်မွန်၊ အင်္ဂလိပ်စာ စတုတ္ထနှစ်ကျောင်းသူ မမေသွေးခင်၊ သင်္ချာပထမနှစ်ကျောင်းသား မောင်စိုင်းစိုင်းဦးတို့က လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။ ယင်းနောက် ဗန်းမော်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာသောင်းထိုက်နှင့် ဒေါက်တာဝင်းနိုင်တို့က အခမ်းအနားကို ကူညီပံ့ပိုးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်