နေပြည်တော် စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကော်မတီဝင် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက Zoom Application Online System ဖြင့် တက်ရောက်ကြသည်။
ဦးစွာညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် မိမိတို့ညှိနှိုင်းပေါင်းစပ်ရေးကော်မတီအပါအဝင် လုပ်ငန်းကော်မတီ ၄ ခု၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့မှလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီမှုဖြင့် Pilot Project အရ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အမှန်တကယ် မြေပြင်အနေအထားများကို မျက်မြင်သိရှိနိုင်ရေးအတွက် တရုတ်သံရုံးအပါအဝင် နိုင်ငံတကာသံတမန်များအား ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်၍ ၂ ကြိမ်တိုင်တိုင် လိုက်လံရှင်းလင်းပြသနိုင်ခဲ့မှု၊ ယနေ့အချိန်အခါတွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် နေရာချထားရေးလုပ်ငန်းအားမည်သည့် အချိန်တွင်မဆို စတင်နိုင်သည့်အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည့်အပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အထိုက်အလျောက် အောင်မြင်မှုရရှိနေပြီဖြစ်ကြောင်း၊ ရှေ့ဆက်၍ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းရေးနှင့် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ ဘဝလုံခြုံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိသည့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ညှိနှိုင်းအစည်းအဝေးမှရရှိလာသည့် မှန်ကန်ထိရောက်သည့် သုံးသပ်အကြံပြုချက်များအပေါ်အခြေခံပြီး အကျိုးရှိ၍ကောင်းမွန်သည့် ဆုံးဖြတ်ချက်များကို တစ်ပါတည်းချမှတ်သွားမည်ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းကော်မတီများအနေဖြင့် ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရေးဆွဲထားသည့် စီမံချက်များနှင့်အညီ အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဥက္ကဋ္ဌ(၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေး၊ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်ထားရှိသည့် ဖြစ်ပေါ်တိုးတက်မှုများကို နိုင်ငံတကာသံတမန်များအား ရှင်းလင်းပြသနိုင်ခဲ့မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပြန်လည်ဝင်ရောက်လာမှုများကို လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်လက်ခံရေးစခန်းများနှင့် ယာယီနေရာချထားရေးစခန်းတို့တွင် ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ အတွင်းရေးမှူးက နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ်လက်ခံရေးနှင့် နေရာချထားရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသေးစိတ်ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လူဦးရေစိစစ်ပေးပို့မှုနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ ပြန်လည်လက်ခံရေးဆိုင်ရာ ပြင်ဆင်ဆောင်ရွက်မှု လုပ်ငန်းများကဏ္ဍ၊ လူမှုစီးပွားဖွံ့ဖြိုးရေးကဏ္ဍ၊ လုံခြုံရေး ကဏ္ဍများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။
ထို့နောက် ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ပြီးအစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်