Skip to main content

အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရင်းနှီးငွေများရရှိရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၃

နိုင်ငံတော်၏ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာမှသာ နိုင်ငံ့စီးပွားဖွံ့ဖြိုးလာမည်ဖြစ်၍ ပြည်တွင်းအသေးစားကုန်ထုတ်လုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ရင်းနှီးငွေများရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်လာနိုင်ခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း”များကို ရုံးချုပ်၊ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်၁၅ ခု၌ ကျေးရွာ ၁၅၅ ရွာကိုရွေးချယ်ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း။

အမှန်တကယ်လုပ်ငန်းထူထောင်လိုပြီး မတည်ရင်းနှီးငွေအခက်အခဲရှိသူ၊ ရိုးသားကြိုးစားပြီး သစ္စာရှိသူ၊ ကျေးရွာလူထုအပေါ် စေတနာထားနိုင်သူကို ရွေးချယ်ပြီး နည်းပညာပေးခြင်း၊ ဈေးကွက်ရှာဖွေပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ M&E လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၏ Process တစ်ခုလုံးလုပ်ကိုင်နိုင်သည်အထိ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စီမံကိန်းအနေဖြင့် ကျေးရွာတစ်ရွာတွင် လုပ်ငန်းထူထောင်လိုသူငါးဦး ရွေးချယ်ထူထောင်ပေးခြင်းဖြစ်၍ စီမံကိန်းပြီးမြောက်သည့်အခါ တစ်နိုင်ငံလုံးအတိုင်းအတာအရ အသေးစားကုန်ထုတ်လုပ်ငန်းရှင် ၇၇၅ ဦးကို လုပ်ငန်းများ ထူထောင်ပေးနိုင်မည်ဖြစ်သည့်အတွက် စီမံကိန်းကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားစက်မှုလက်မှုလုပ်ငန်းများ၊ သင်တန်းများ၊ စီမံကိန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး/ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြကာ ဒုတိယဝန်ကြီး  ဦးမြင့်စိုးက အသေးစား စက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ သုံးသပ်ဆွေးနွေးတင်ပြသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီး ဆက်စပ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက အသေးစားစက်မှုလက်မှုလုပ်ငန်းများ ပိုမိုအောင်မြင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်