နေပြည်တော် စက်တင်ဘာ ၁၃
တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ မြို့နယ်များမှသံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဒေသခံပြည်သူများအား သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်မြေခံဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိအမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၃၄၀၁ ဦးတို့ကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်းများရှိ သတ်မှတ်နေရာအသီးသီး၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်ရှိ သံတောင်ကျေးရွာနှင့်ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၁၇ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၁၁ ပါးနှင့် ဒေသခံပြည်သူ ၁၁၂ ဦးတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ သာမဏေကျော်တောရ လယ်တီဝိပဿနာရိပ်သာ၌လည်းကောင်း အရိုအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်း၊ သွေးအုပ်စုများ စစ်ဆေးပေးခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူများကို နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်