Skip to main content

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၂

အလေးမအားကစားနည်းအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အလေးမလေ့ကျင့်ရေးရုံ၌ စတင်ကျင်းပသည်။

ယနေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအလေးမပြိုင်ပွဲ ပထမနေ့ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး ဝိတ်တန်းအလိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီး(၄၅) ကီလိုတန်းပြိုင်ပွဲတွင် မယဉ်ယဉ်ထွေး(ပဲခူး)က ပထမ၊ မချိုဇင်မြင့်(မကွေး)က ဒုတိယ၊ မခိုင်သဇင်အောင် (ဧရာဝတီ) ကတတိယနှင့် အမျိုးသား (၅၅) ကီလိုပြိုင်ပွဲတွင် မောင်ထက်အာကာဖြိုး (မကွေး)က ပထမ၊ မောင်ပြည့်စုံဦး (ဧရာဝတီ)က ဒုတိယနှင့် မောင်မျိုးမင်းထက်(ဧရာဝတီ)က တတိယရရှိကြပြီး မောင်ထက်အာကာဖြိုး (မကွေး) သည် ပြည်နယ်နှင့်တိုင်းဒေသကြီး ပြိုင်ပွဲသတ်မှတ် စံချိန် (၉၅) ကီလိုကို (၉၆) ကီလိုဖြင့် အမြန်စံချိန်သစ်တင်နိုင်ခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ မြန်မာနိုင်ငံအလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဥဂ္ဂါအေးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြည့်ရှုအားပေးသည်။

စက်တင်ဘာ ၁၃ ရက် နံနက် ၉ နာရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသမီး(၄၉)ကီလို ပြိုင်ပွဲ၊ အမျိုးသား(၆၁)ကီလို ပြိုင်ပွဲနှင့် အမျိုးသမီး(၅၅) ကီလိုပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အလေးမပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်း၊ အမျိုးသမီးအသင်း ၁၁ သင်း၊ ပြိုင်ပွဲဝင်အင်အား စုစုပေါင်း ၁၇၂ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်၍ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်