နေပြည်တော် စက်တင်ဘာ ၁၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကာလတို၊ ကာလရှည် စီမံကိန်းများချမှတ်၍ နှစ်စဉ်လုပ်ငန်းအစီအစဉ်များရေးဆွဲကာ လအလိုက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်ရာ၌လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် နည်းပညာများဖြည့်ဆည်းပေးနိုင်ရန်လိုအပ်ကြောင်း ယနေ့မွန်းလွဲ ၁ နာရီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက ပြောကြားသည်။
စံတန်ဖိုးများကို သိရှိလိုက်နာ
ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်သည် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ပစ္စည်းများနစ်နာဆုံးရှုံးမှုမရှိစေရေး အကာအကွယ်ပေးရန် အဓိကတာဝန်ရှိပါကြောင်း၊ ကော်မရှင်အနေဖြင့် စီးပွားရေးကဏ္ဍများတွင် နိုင်ငံ့ဘဏ္ဍာငွေများ ဆုံးရှုံးမှု ရှိ/ မရှိ စိစစ်၍ တည့်မတ်ပေးရန် တာဝန်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းနှင့် စံတန်ဖိုးများကို သိရှိလိုက်နာရန်လိုကြောင်း၊ ပြည်သူ့ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် အကာအကွယ်ပေးရာတွင်လည်း ကော်မရှင်တစ်ခုတည်း ဆောင်ရွက်၍မရကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အဖွဲ့အစည်းအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit - CPU) များ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အသိပညာပေးရေးနှင့် တားဆီးကာကွယ်ရေး လုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှု အားကောင်းရန် အရေးကြီးကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဆင်ခြေပေးရန်ထက် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရန်၊ အလျှော့ပေးသည်ထက် လုပ်ငန်းကိုနိုင်နင်းအောင် ဆောင်ရွက်နိုင်ရန် စဉ်းစားသင့်ကြောင်း တိုက်တွန်းမှာကြားသည်။
အားသာချက်၊ အားနည်းချက်
ထို့နောက် စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများအလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့်စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်များနှင့် ကော်မရှင်အနေဖြင့် ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းပေးရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌက လိုအပ်သည်များဖြည့်စွက်ဆွေးနွေးသည်။
အခမ်းအနားသို့ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်းများတက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်