ပြီးခဲ့သည့်ရက်သတ္တပတ်ကာလအတွင်း နိုင်ငံတစ်ဝန်း၌ တက္ကသိုလ်ပေါင်းစုံ လူငယ်သီတင်းပတ်လှုပ်ရှားမှုများနှင့် လူငယ်ဖွံ့ဖြိုးရေးလှုပ်ရှားမှုအခမ်းအနားများ ကျင်းပခဲ့သည်ကို တွေ့မြင်ရသည်။ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များ၏ တက်ကြွလှုပ်ရှားမှုအားမာန်များသည် အနာဂတ်နိုင်ငံတော်အတွက် အားအင်ခွန်အားများဖြစ်သည်။ လူငယ်လူရွယ်များသည် အနာဂတ်အတွက် သားကောင်း ရတနာများဖြစ်၍ လူငယ်လူရွယ်များဘဝကို အားပေးမြှင့် တင်ပျိုးထောင်ပေးရမည်ဖြစ်သည်။
နိုင်ငံတော်၏ အနာဂတ်သည် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအပေါ်တွင် တည်မှီနေသဖြင့် အစဉ်မြှင့်တင်အားပေးနေရမည်ဖြစ်သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာ၊ အတတ်ပညာ၊ ဉာဏ်ပညာပြည့်ဝသည့် လူငယ်လူရွယ်များလိုအပ်သည်။ ပညာရည်ပြည့်ဝပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်သည့် လူငယ်လူရွယ်များဖြစ်လာအောင် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များအား ပြုစုပျိုးထောင်ပေးရေးသည် အရေးကြီးသည်။ လူငယ်လူရွယ်များအား ပညာကိုကောင်းစွာတတ်မြောက်ရေးသာမက ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် ဖန်တီးဖော်ဆောင်ပေးရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တွင် “တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မားတိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရေး”နှင့် “နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး”ဟူသည့် လူမှုရေးဦးတည်ချက်နှစ်ရပ် ချမှတ်ထားသည်။ အဆိုပါဦးတည်ချက်များကို ယနေ့လက်တွေ့အကောင်အထည်ဖော်နေသဖြင့် အားတက်မိသည်။
လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ လူငယ်များသမိုင်းကြောင်းကို လေ့လာကြည့်ပါက လူငယ်လူရွယ်များဘဝတွင် ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားပြီး လုပ်ငန်းခွင်ဝင်ကြသောလူငယ်များနှင့် ပညာကိုဆုံးခန်းတိုင်အောင် မသင်ကြားနိုင်ဘဲ လုပ်ငန်းခွင်ဝင်ခဲ့ကြသော လူငယ်များဟူ၍ တွေ့ရမည်ဖြစ်သည်။ လူငယ်လူရွယ်များအားလုံးအနေဖြင့် မိမိတို့ခံယူချက်၊ ရည်မှန်းချက်အလိုက် အသိပညာဗဟုသုတများရယူခဲ့ကြသည်။ ကောင်းဆိုးနှစ်တန်ရောထွေးနေသော ဘဝတက္ကသိုလ်တွင် အားသန်ရာအလိုက် ဖြတ်သန်းခဲ့ကြသည်။ နိုင်ငံအတွက် ကောင်းကျိုးပြုကြသူများရှိသလို ဘဝကို အမျိုးမျိုးအဖုံဖုံဖြတ်သန်းခဲ့ကြသူများလည်းရှိသည်။ ပညာနှင့်ဘဝ ကြုံသလိုဖြတ်သန်းကြရသဖြင့် နိုင်ငံအတွက် အကျိုးရှိသင့်သလောက်မရှိခဲ့ပေ။
မျက်မှောက်ကာလတွင် အနာဂတ်နိုင်ငံတော်ကို အကောင်းဆုံးပုံဖော်ထုဆစ်နိုင်ရန်အတွက် အခြေခံကျသည့် ပညာရေးကဏ္ဍကို အားပေးမြှင့်တင်လျက်ရှိသည်။ ကလေးသူငယ်လူငယ်လူရွယ်တိုင်း ပညာကို ဆုံးခန်းတိုင်အောင်သင်ကြားနိုင်ရေး၊ ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားမည့်အခြေအနေမရှိသည့် လူငယ်လူရွယ်များအား အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးကို ဦးစားပေးဆောင်ရွက် နေသည်။ ကျောင်းသား ကျောင်းသူများ အတန်းပညာကို တတ်မြောက်ပြီးဆုံးရေးသာမက အစဉ်အဆက်ကိုင်စွဲခဲ့သည့် ပညာရေးဆောင်ပုဒ်ဖြစ်သည့် “စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ”ဟူသော ဤသုံးခုကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်သည်။ ဤသုံးခုကို ဦးတည်ရှေးရှုသည့် ဗလငါးတန်ဖွံ့ဖြိုးသည့် ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များဖြစ်လာအောင် အဘက်ဘက်က အားပေးမြှင့်တင် မြေတောင်မြှောက်ပေးနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
လူငယ်လူရွယ်များသည် ငယ်စဉ်အခါ ပညာရှာရာတွင် တစ်နှစ်တစ်တန်းအောင်ပြီး အတန်းပညာကိုပြီးဆုံးအောင် သင်ကြားရေးသာမက လူငယ်တစ်ဦးချင်းစီ၏ ပင်ကိုအရည်အသွေးများ၊ ကိုယ်ပိုင်အရည်အသွေး အရည်အချင်းများ ပြည့်ဝလာအောင် ဆောင်ရွက်ပေးရန်လိုသည်။ ပညာပြည့်ဝရုံသာမက ကျန်းမာသန်စွမ်းရန်၊ အကျင့်စာရိတ္တကောင်းမွန်ရန်၊ မိတ်ကောင်းဆွေကောင်းများနှင့် ပေါင်းသင်းဆက်ဆံတတ်ရန်၊ စီးပွားဥစ္စာတို့ကို ရှာဖွေစုဆောင်းတတ်ရန်၊ တီထွင်ဖန်တီးနိုင်သည့် အစွမ်းအစများရှိရန်စသည့် အရည်အချင်းများပြည့်စုံလာစေရန် နိုင်ငံတော်အစိုးရက အားပေးမြှင့်တင်နေသည့်စေတနာသည် ပိုမိုကောင်းမွန်သော လူမှုဘဝနှင့်ထွန်းတောက်သည့် အနာဂတ်နိုင်ငံတော် ဖြစ်ပေါ်လာစေရန်အတွက်ဖြစ်သည်။
သို့ဖြစ်ရာ ကျောင်းသား ကျောင်းသူ၊ လူငယ်လူရွယ်များသည် တောက်ပသည့် ကြယ်ပွင့်လေးများဖြစ်သည်။ နိုင်ငံအနာဂတ်တာဝန်များကို လက်ဆင့်ကမ်းပခုံးပြောင်းတာဝန်ယူကြမည့်သူများဖြစ်သည်။ ထွန်းတောက်သည့် နိုင်ငံတော်ကြီး ထည်ထည်ဝါဝါပေါ်ထွန်းလာစေရန်နှင့် အေးချမ်းသာယာဝပြောသည့် လူ့ဘောင်လောကသစ်ကို တည်ဆောက်နိုင်ရန်အတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူငယ် လူရွယ်များဖြစ်လာအောင် စဉ်ဆက်မပြတ် ဆက်လက်ဝိုင်းဝန်း မြှင့်တင်အားပေးနေရမည်ဖြစ်ပါကြောင်း။ ။
ကြေးမုံ(အယ်ဒီတာ့အာဘော်)