Skip to main content

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာမှု စနစ်တကျဖြစ်စေရေးနှင့် တရားမဝင် ဝင်/ထွက်သွားလာမှုမရှိစေရေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသအပါအဝင် နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာမှု စနစ်တကျဖြစ်စေရေးနှင့် တရားမဝင် ဝင်/ထွက်သွားလာမှုမရှိစေရေး၊ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ နှစ်နိုင်ငံနယ်နိမိတ်အတွင်း လူကုန်ကူးခံရသည့် ထိုင်းနိုင်ငံသားများအား မိမိတို့ဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနအဖွဲ့အစည်းများပူးပေါင်း၍ ရှာဖွေကယ်ဆယ်ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဖြစ်ပွားနေသည့်ကာလများတွင် ဆေးဝါးနှင့်အခြားလိုအပ်သည်များကိုလည်းကောင်း၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များနှင့် မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုခံခဲ့ရသည့် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင်လည်းကောင်းထိုင်းနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ နှစ်နိုင်ငံနယ်စပ်တွင် တရားမဝင်ဝင်ရောက်၍ အင်တာနက်လိုင်းများ အသုံးပြုကာ Online ဂိမ်းများဖြင့် လိမ်လည်မှုများ ဆောင်ရွက်နေကြသူများအား ထိရောက်စွာ တားဆီးကာကွယ်နိုင်ရေးအတွက် နှစ်နိုင်ငံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့်အတူ ဒုတိယဝန်ကြီးများဖြစ်သည့် ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းဇော်အောင်၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွန်းဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်