Skip to main content

မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ရေရှည်တည်တံ့ရေး ဘုရားဖူးလာပြည်သူအပေါင်း ဝိုင်းဝန်းကူညီထိန်းသိမ်း

နေပြည်တော် စက်တင်ဘာ ၄

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ၂၀၂၃ ခုနှစ် ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူများ ဖူးမြော်ကြည်ညိုနိုင်စေရန်ခွင့်ပြုပေးခဲ့ရာ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပရိသတ်များ ယနေ့တိုင်စဉ်ဆက်မပြတ်စည်ကား လျက်ရှိသည်ကို တွေ့ရှိရသည်။

အသိပေးထုတ်ပြန်ထား

ဩဂုတ် ၈ ရက်မှစတင်၍ ဗုဒ္ဓဥယျာဉ်တော်အတွင်းသို့ ရဟန်းရှင်လူ ပရိသတ်အပေါင်းတို့အား အခမဲ့ ဝင်ရောက်ဖူးမြော်ခွင့်ပြုခဲ့ရာမှ ယနေ့စက်တင်ဘာ ၄ ရက်မှ စတင်၍လာရောက်ဖူးမြော်ကြသူ ဘုရားဖူးပြည်သူများအား မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော် အဖြစ် ပါဝင်နိုင်ရေးအတွက် ၁။လူဝင်ကြေးအခမဲ့၊ ၂။ဖုန်းတစ်လုံး (ကင်မရာပါ)ကျပ် ၁၀၀၀ (ကင်မရာပါသော ဖုန်းများသာကောက်ခံပြီး key pad ဖုန်းများ မကောက်ခံပါ)၊ ၃။အပျော်ရိုက်ကင်မရာ၊ အလှ ဓာတ်ပုံရိုက်/ video(pre wedding အပါအဝင်) နှစ်နာရီအတွက် ကျပ် ၅၀၀၀၀ နှင့် နာရီဝက်အချိန် ပိုတိုင်း ကျပ် ၅၀၀၀၊ ၅။ဥယျာဉ် တော်အတွင်း ယာဉ်ရပ်နားကွင်း၌ ယာဉ်ငယ်တစ်စီး ကျပ် ၂၀၀၀၀ (အိမ်စီး ယာဉ်ငယ်များကိုသာ ဥယျာဉ်တော်အတွင်း ဝင်ခွင့်ပြုပါသည်) ယာဉ်ကြီးများနှင့် မော်တော်ဆိုင်ကယ်များ ဥယျာဉ်တော်ပြင်ပတွင်သာရပ်နားရန် (ဥယျာဉ်တော် ပြင်ပတွင် ရပ်နားသောယာဉ်များ ယာဉ်ရပ်နားခ ကင်းလွတ်ကြောင်း)နှင့် ဘာဂီစီးနင်းရာတွင် အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေး မကောင်းသူများအတွက်သာ ဘာဂီအခမဲ့စီးနင်းနိုင်ရန် စီစဉ်ထားပါကြောင်း မေတ္တာရပ်ခံလျက် အသိပေးချက် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

စိမ်းလန်းစိုပြည်သောဗုဒ္ဓဥယျာဉ် တော်ကြီးအဖြစ် တွေ့မြင်ရမည်

ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးနှင့် ကျောက်စာရုံ စေတီများ၊ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီး၊ ပဋ္ဌာန်းဒေသနာ တော်သရုပ်ပြစကျင်ကျောက်ထွင်းအနုပညာနှင့် ဂန္ဓကုဋိတိုက်များ၊ ရေပန်းဥယျာဉ်၊ ဗောဓိပင်၊ နဂါးရုံ ဘုရားနှင့် သုဓမ္မာဇရပ်တန်းများ အစရှိသော သာသနိကအဆောက် အအုံများပါဝင်သော ဗုဒ္ဓဥယျာဉ် တော်ပရိဝုဏ်ကြီး ရေရှည်တည်တံ့နိုင်ရေး ထိန်းသိမ်းဆောင်ရွက်ခြင်း လုပ်ငန်းများမှာ ကြီးမားကျယ်ပြန့်သလို ပန်းဥယျာဉ်နှင့်သစ်ပင်ကြီး၊ ငယ်တို့ကိုနေ့စဉ်နှင့်အမျှ ပြုစုပျိုးထောင် ထိန်းသိမ်းလျက်ရှိသည်ကို တွေ့ရပေရာနောင်တွင် စိမ်းလန်းစိုပြည်သော ဗုဒ္ဓဥယျာဉ်တော်ကြီးအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။

ထို့ပြင် ဘုရားဖူးဧည့်ပရိသတ်များအတွက် ရေသန့်စက်နှင့် ရေသန့်ဘူးများ၊ အဆင့်မီသန့်စင် ခန်းများ၊ ဓာတ်လှေကား၊ ဝှီးချဲများမှသည် ဘာဂီယာဉ်များအထိ ကုသိုလ်ယူ ဝန်ဆောင်မှုများပေးလျက်ရှိသည်ကို တွေ့ရသည်။ ထို့ပြင်ရင်ပြင်တော်နှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း နေရာမလပ်၊ နာရီမလပ်သန့်ရှင်းရေးကိုလည်း အဆက်မပြတ် လုပ်ဆောင်လျက် ရှိသည်ကို တွေ့ရပေမည်။

ထိုသို့ ကြီးမားကျယ်ပြန့်သည့် ထိန်းသိမ်းတည်ဆောက်မှုများ စဉ်ဆက်မပြတ်ရှိနေသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့ခိုင်မြဲရေး ကုသိုလ်တော်အဖြစ် ကင်မရာပါဖုန်းတစ်လုံးလျှင် အလှူငွေကျပ် ၁၀၀၀ ကုသိုလ်တော်ပါဝင်ရေး အစီအစဉ်နှင့်ပတ်သက်၍လည်း “ဖုန်းတွေ၊ ကားတွေကိုတော့ ဝင်ကြေးပေးကြရပါတယ်။ ဒီလိုကောက်ခံတဲ့နေရာမှာလည်း ဘုရားကြီးကို လှူဒါန်းရသလိုပဲ ခံစားရပါတယ်။ ကျွန်မအနေနဲ့ဖုန်းတွေကို ငွေကျပ် ၁၀၀၀ ပေးရတာတော့ဘုရားကြီးကို အလုံးစုံမဟုတ်တောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းခွင့် ရတယ်လို့ပဲ သဘောထားပါတယ်” စသည့်ဝမ်းမြောက်ဝမ်းသာ မှတ်ချက်ပြုသည်များကိုလည်း ကြားခဲ့ရသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ရှိရာ ဤဗုဒ္ဓပရိဝုဏ်အတွင်းသို့ ချွန်ထက်သောအရာ/ ဘောပင်/ နှုတ်ခမ်းနီ/ မီးခြစ်/ ကွမ်းယာအစရှိသည့် စကျင်ကျောက်သားများ ထိခိုက်ညစ်ညမ်း စေသောအရာများ ယူဆောင်ခွင့် မပြုတားမြစ်ထားသကဲ့သို့ ဘောင်းဘီတို၊ စကပ်တို အစရှိသော ဗုဒ္ဓဘာသာနှင့် မြန်မာ့ရိုးရာ ယဉ်ကျေးမှုအရ အဂါရဝဖြစ်စေသော ဝတ်စားဆင်ယင်မှုများကိုလည်း တားမြစ်ထားပါသည်။ သို့သော်လည်း ဗုဒ္ဓပရိဝုဏ်အတွင်း ဤသို့ ဝတ်စားဆင်ယင်မှုများကိုလည်း မတွေ့ခဲ့ရပေ။ အခြားတားမြစ်ပစ္စည်းများကိုလည်း မိမိတို့မော်တော်ယာဉ်အတွင်း ပြန်ထား၍လည်းကောင်း၊ ဂိတ်ဝရှိခြင်းထဲတွင် ထားပစ်ခဲ့ခြင်းဖြင့် လည်းကောင်း ဗုဒ္ဓပရိဝုဏ်၏ မညစ်မနွမ်း တည်တံ့စေရေးနှင့် ဗုဒ္ဓယဉ်ကျေးမှု မြန်မာ့ယဉ်ကျေးမှုတို့ကို ဝိုင်းဝန်းကူညီပါဝင်ကြသည် ကို တွေ့ရပေသည်။

ယနေ့တွင် ရပ်နီးရပ်ဝေးမှ ဘုရားဖူးပြည်သူများ၊ ကုသိုလ်ပညာ ဗဟုသုတရှာမှီးရာ ကျောင်းသား ကျောင်းသူ လူငယ်လေးများ၊ အရွယ်သုံးပါး ဧည့်ပရိသတ်များ စုံလင်လှသည်။ ဘုရားဖူးခရီးမှ အပြန်တွင်လည်း မိမိတို့၏ဆုတောင်းများ၊ ဓမ္မသံဝေဂများ၊ ဗဟုသုတများနှင့် ကုသိုလ်အမျှ ပီတိသုခများကို ရယူသွားကြသည်ဖြစ်ပါ ကြောင်း။    ။

အလင်းသစ်၊ သန်းတင်အောင်၊ နေမျိုး