မစ္စတာ မုံခွန်းဝိစစ်စတန်
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့က ရခိုင်ပြည်နယ်ရှိ မိုခါမုန်တိုင်းသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများနှင့် IDP စခန်းများ၌ ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုတို့ကို သွားရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ လေ့လာရေးခရီးစဉ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံအခြေစိုက်သံရုံးများမှ တာဝန်ရှိသူများ ၏ စကားသံများကို စုစည်းဖော်ပြလိုက်ရပါသည်-
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ဒုတိယဥက္ကဋ္ဌ(၁)၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ
အခု သံတမန်ခရီးစဉ်ကို စီစဉ်ရတဲ့ အဓိကရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ တစ်ခုကတော့ ဆိုင်ကလုန်းမိုခါ ဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်းမှာ စစ်တွေမြို့ဟာ တော်တော်လေးကို ထိခိုက်ခံစားခဲ့ရတယ်။ အဲဒီကနေ ပြန်လည်ရုန်းထပြီးတော့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ကြရတယ်။ လုပ်ကြတဲ့အခါ နိုင်ငံတော်အကြီးအကဲရဲ့မူဝါဒအရ ပြည်သူလူထုကို အဓိကထိခိုက်စေခဲ့တဲ့နေရာတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေးတို့မှာ ဘယ်လိုလုပ်နေသလဲ။ ဘာသာရေး၊ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီးတော့ ဘယ်လိုပြန်လည်ပြုပြင်ပေးနေသလဲ။ ဒီလိုလုပ်တဲ့အခါ ဘယ်သူကိုမှချန်မထားဘဲအားလုံးကို ဂရုစိုက်တယ်ဆိုတာက ကျွန်တော်တို့ရဲ့မူဝါဒဖြစ်တဲ့အတွက် မြို့ထဲမှာရော၊ မြို့ပြင်မှာရော လူ့အဖွဲ့အစည်းအကုန်လုံးကို တတ်နိုင်သလောက် စောင့်ရှောက်ပေးနေပါတယ်။
ဒီကအခြေအနေတွေက ပြီးခဲ့တဲ့တစ်ခေါက်နဲ့စာရင် တော်တော်များများ တိုးတက်လာပါတယ်။ တကယ်တမ်းပြောရမယ်ဆိုရင် IDP Camp က အဖွဲ့တွေကို မိုခါမတိုင်ခင်ကတည်းက အကုန်လုံးကိုခေါ်ပြီး လုံခြုံတဲ့နေရာပို့ပေးထားတဲ့အတွက် အထိအခိုက် တော်တော်နည်းသွားတယ်။ ဒါပေမယ့်လည်း ဒီမှာလိုအပ်ချက်လေးတွေ ရှိပါသေးတယ်။ ဒီလိုအပ်ချက်လေးတွေကို ကျွန်တော်တို့ ဘယ်လိုဖြည့်ဆည်းပေးမလဲ။ ဘယ်လိုပိုကောင်းအောင်လုပ်မလဲ။ အခုလိုနိုင်ငံတကာက သံတမန်တွေကို ခေါ်ပြီးတော့ ပြသခြင်းအားဖြင့် သူတို့ဆီကနေ နားလည်မှု၊ စာနာထောက်ထားမှုနဲ့ ကူညီမှုဘယ်လိုပူးပေါင်းဆောင် ရွက်နိုင်မလဲဆိုတာကို ဒီအထိဖိတ်ခေါ်ပြသတာဖြစ်ပါတယ်။
ပြီးတော့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ရင် အဓိကအဆင့်သုံးဆင့် ရှိပါတယ်။ အဓိကအဆင့်သုံးဆင့်ကတော့ ပထမဆုံးဝင်လာတဲ့နေရာမှာ လက်ခံတယ်၊ လုံခြုံရေးအရ လိုအပ်တာ စိစစ်မယ်၊ လူဝင်မှုကြီးကြပ်ရေးဘက်ကနေ စိစစ်မယ်၊ စိစစ်ပြီးလို့ရှိရင် e-ID စိစစ်တာရှိမယ်၊ အဲဒါပြီးတာနဲ့ သူတို့အတွက် နိုင်ငံသားဖြစ်မှုအတွက် စိစစ်တဲ့ကတ်ကို ထုတ်ပေးမှာဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့နိုင်ငံသားဖြစ်ဖို့အတွက် ဆက်ပြီးလျှောက်ထားနိုင်ပါတယ်။ ဒီလိုမျိုးလုပ်ငန်းတွေ ပြီးတဲ့အချိန်မှာ သူတို့ဝင်လာတဲ့ ပြန်လည်လက်ခံရေးစခန်းမှာ ခဏတာထားပြီးတော့ လူစုမိတဲ့အခါကျရင် ကြားစခန်းအနေနဲ့ လှဖိုးခေါင်ကြားစခန်းမှာ ထားမှာဖြစ်ပါတယ်။
ဒီကြားစခန်းမှာ ထားတဲ့အခါမှာတော့ သူတို့အတွက် မိသားစုအလိုက် နေထိုင်လို့ရမယ်၊ နောက်တစ်ခုက သူတို့အတွက် ဆန်၊ ဆီ၊ ဆားစသဖြင့် ထောက်ပံ့မှုတွေ၊ အိုးခွက်ပန်းကန်ကစပြီး ထောက်ပံ့ မှုတွေရှိမယ်။ ကလေးတွေအတွက်ဆို ကလေးကစားစရာတွေ၊ ကလေးတွေပျော်အောင် စီစဉ်ထားတဲ့ နေရာလေးတွေရှိမယ်၊ စက်ချုပ်သင်တန်းလေးတွေ ရှိမယ်။ အဲဒီမှာကတော့ အချိန်က တစ်ပတ်၊ နှစ်ပတ် အတန်အသင့်ကာလရှိမယ်၊ တချို့လည်းတစ်လ၊ နှစ်လတော့ ဖြစ်ကောင်းဖြစ်သွားမှာပေါ့။
ဒီကြားစခန်းမှာ နေပြီးရင်အမြဲတမ်းအခြေချမယ့်နေရာကိုသူတို့က ပြောင်းရွှေ့ကြရမယ်။ အမြဲတမ်းအခြေချမယ့်နေရာမှာဆိုရင်လည်း သူတို့အတွက် အခုလောလောဆယ်မှာ ရွာပေါင်း ၂၀ လောက်ကို ၂၅ ပေ၊ ပေ ၆၀ အကွက်ရိုက် ရှင်းလင်းပေးထားတာ ရှိပါတယ်။ ဒါတွေကတော့ ရွာသစ်လေးတွေ ဖြစ်လာပါမယ်။ ဒီရွာသစ်တွေကိုလည်း မူလနေထိုင်တဲ့ ရွာအဟောင်းတွေနဲ့နီးစပ်တဲ့နေရာတွေမှာ ပြန်ချပေးမယ့် အနေအထားရှိပါတယ်။
နောက်တစ်ခုကတော့ အရင်ကနိုင်ငံတကာ အထောက်အပံ့နဲ့ ဆောက်ထားတဲ့ ရွာတွေလည်းရှိပါတယ်။ အဲဒီရွာတွေမှာလည်း သူတို့နေချင်တယ်ဆိုရင် နေလို့ရတယ်။ ဒါမှမဟုတ်ဘဲ ခဏတဖြုတ်နေပြီးတော့ သူတို့အမြဲတမ်းနေထိုင်မယ့် နေရာမှာသွားပြီး အခြေချချင်တယ်ဆိုရင်လည်းရပါတယ်။
တကယ်လို့ သူတို့ရဲ့မူလရွာတွေက လက်ရှိရှိနေသေးတယ်၊ အိမ်အဟောင်းတွေလည်းရှိတယ်၊ ဆွေမျိုးသားချင်းတွေလည်း အဲဒီမှာရှိတယ်၊ မူလရွာခံတွေနဲ့ သူတို့နဲ့အဆင်ပြေတယ်ဆိုရင်လည်း သူတို့နေချင်တဲ့မူလလက်ဟောင်းရွာတွေမှာ သက်ဆိုင်ရာကျေးရွာအာဏာပိုင်၊ ပြည်နယ်အစိုးရတို့ရဲ့ တရားဝင်ခွင့်ပြုချက်တွေနဲ့ နေနိုင်ဖို့အတွက်စီစဉ်ပေးမှာ ဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ ရွာသစ်တွေမှာ အဆင်ပြေတယ်ဆိုရင် ရွာသစ်တွေမှာ နေလို့ရပါတယ်။ ဒါကကျွန်တော်တို့အနေနဲ့ အတင်းအကျပ်နှင်လွှတ်တာ မဟုတ်ဘူး။ သူတို့ရဲ့ နှစ်ဦးနှစ်ဖက်သဘောတူညီ ချက်နဲ့နေရာချထားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြဿနာကဘာလဲဆိုတော့ ပြန်ဝင်လာတာကတော့လွယ်တယ်၊ ပြန်ဝင်လာပြီးတော့ အခြေချနေထိုင်နိုင်ဖို့ အလုပ်အကိုင်တွေ ဖန်းတီပေးဖို့လိုမယ်၊ ဝင်ငွေတွေရရှိအောင်လုပ်ပေးဖို့လိုမယ်၊ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းအတွက် ထောက်ပံ့မှုတွေလိုမယ်။
ငါးဖမ်းတဲ့လူတွေအတွက်ဆို ငါးဖမ်းတဲ့ကိရိယာတွေ၊ လှေတို့၊ ပိုက်တို့၊ စိုက်ပျိုးမယ့် လူတွေဆိုရင် မျိုးစေ့၊ မြေဩဇာ၊ ထွန်၊ ထယ်၊ လယ်ထွန်စက်၊ ရေစုပ်စက်စသဖြင့် ဒါမျိုးတွေကိုလည်း ကျွန်တော်တို့ကပံ့ပိုးပေးရမယ်။ လောလောဆယ်သုံးလစာလောက်စားဖို့ သောက်ဖို့အတွက်ပံ့ပိုးနိုင်တယ်။ အဲဒါပြီးရင်တော့ ကိုယ့်ဘာသာကိုယ်ရပ်တည်ရမယ်၊ ဒီကာလအတွင်းမှာ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ကျွန်တော်တို့ဝိုင်းဝန်းပြီး ဆက်လက်လုပ်ဆောင်ပေးဖို့လိုပါတယ်။
အဲဒီအတွက်ကြောင့် အခုသံတမန်တွေကို ဖိတ်ခေါ်ပြီးတော့ ပြသတယ်။ အပြင်မှာဖြစ်နေတဲ့ သတင်းအမှားတွေ ထုတ်လွှင့်နေတာထက် လက်တွေ့အခြေအနေမှန်ကို မြင်နိုင်အောင် ကျွန်တော်တို့ ခေါ်ပြီးတော့ပြတယ်။ သူတို့ရဲ့နားလည်မှု၊ သူတို့အတွက်သတင်းအမှန်ကို ရရှိနိုင်ဖို့အတွက် ရှင်းလင်းပြီးအသေးစိတ်ပြောပြတယ်၊ သူတို့သိချင်တဲ့ အချက်အလက်တွေကို ရှင်းပြတယ်။
ရှင်းပြတော့ တော်တော်များများလည်း နားလည်သွားကြတယ်၊ သဘောပေါက်သွားကြတယ်။ သူတို့ရဲ့နိုင်ငံကိုပြန်ပြီးတော့ ဒီအခြေအနေမှန်ကို အစီရင်ခံသွားမယ်ဆိုတာကိုလည်း ကျွန်တော်တို့ကို ပြောကြားပါတယ်။
ဘင်္ဂလားဒေ့ရှ် သံအမတ်အနေနဲ့လည်း သူတို့ရဲ့အခြေအနေနဲ့ ဒီဘက်အခြေအနေကို နှိုင်းယှဉ်ပြီးတော့ ဒီဘက်ကလုပ်ဆောင်တာတွေကို သူသဘောပေါက်နားလည်တယ်။ တချို့အရာလေးတွေကိုတော့ ရှင်းရှင်းလင်းလင်း သိဖို့လိုတဲ့အတွက်၊ သူလည်းပြန်ပြီး သတင်းပို့ရမှာဖြစ်တဲ့အတွက် သိချင်တာကို အသေးစိတ်မေးမြန်းပါတယ်။ ဒီလိုမေးတဲ့အတွက် ကျွန်တော်တို့ကလည်းသူ့ကို အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းပဲ ဖြေကြားခဲ့ပါတယ်။
အခုကတော့ ရွာအနေနဲ့ ရွာ ၂၀ မှာ ပထမဆုံး ၂၅ ပေ၊ ပေ ၆၀ ပတ်လည် အကွက် ၅၀ စီနဲ့ အိမ်ခြေ ၁၀၀၀ စာ မြေနေရာကိုတော့ ရှင်းလင်းထားပြီး အကွက်ရိုက်ထားပါတယ်။ သူတို့ရောက်လာတဲ့ အချိန်ကျရင် ABH container house မျိုးတွေ နိုင်ငံတကာနဲ့၊ တရုတ်နိုင်ငံက ဆက်လက်ထောက်ပံ့ဖို့ ရှိပါတယ်။ ဒါမျိုးနဲ့ သူတို့နေနိုင်တယ်ဆိုရင် အဲဒါတွေနဲ့အရင်နေရာချပေးမယ်။ ဒါမှမဟုတ် သူတို့ဘာသာ သူတို့စိတ်ကြိုက်ပုံစံနဲ့ ဆောက်ချင်တယ်ဆိုရင်လည်း Cash for Work ၊ အလုပ်အတွက် ပိုက်ဆံပေးပြီး သူတို့ဘာသာ ရှင်းလင်းပြီးတော့ သူတို့စိတ်ကြိုက်ဆောက်နေလို့ရပါမယ်။ အဲဒီလိုပုံစံမျိုးနဲ့ဆက်ပြီး နေရာချထားပေးသွားမယ်။
အဲဒီရွာတွေရဲ့အနီးမှာ အခြားရှိပြီးသားရွာတွေ ရှိတယ်၊ အဲဒီရွာတွေမှာ ဆေးခန်း၊ ဆေးရုံ၊ ကျောင်း ဒါမျိုးတွေကလည်း ရှိပြီးသားဖြစ်ပါတယ်။ သူတို့ရဲ့ပညာရေး၊ ကျန်းမာရေးအတွက် အဲဒီရွာတွေနဲ့ ဆက်စပ်ပြီးတော့ လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါတွေကတော့ ရောက်လာတဲ့အချိန်မှာ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့အနေနဲ့ ဒီအလုပ်တွေက အရင်ကတည်းက ကြိုးစားခဲ့တယ်။ အစိုးရအဆက်ဆက် လုပ်ခဲ့တယ်၊ လုပ်ခဲ့ပေမယ့် အခြေအနေအကြောင်းကြောင်း အရပ်ရပ်ကြောင့် ပြန်လည်လက်ခံရေး လုပ်ငန်းတွေကို မစနိုင်သေးပါဘူး။ အခု နှစ်ဖက်နိုင်ငံ သဘောတူညီချက်အရလာမယ့် မိုးကုန်တဲ့အချိန်၊ ခြောက်သွေ့ရာသီမှာ အမြန်ဆုံးစနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီအတွက်ကျွန်တော်တို့က ပြင်ဆင်စရာရှိတာတွေအတတ်နိုင်ဆုံး ပြင်ဆင်နေတယ်။
စခါစမှာတော့ Pilot Project အနေနဲ့နည်းနည်း လက်ခံပြီးတော့တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကို လုပ်သွားရင်း၊ လုပ်သွားရင်းနဲ့ပိုကောင်းသထက် ကောင်းအောင်လုပ်သွားမယ်။ ကူမင်းသဘောတူညီ ချက်အရ ဒီနှစ်အတွင်း လူ ၇၀၀၀ လက်ခံဖို့ရှိပါတယ်။ လက်ခံနိုင်ဖို့အတွက်ကို အတတ်နိုင်ဆုံး၊ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားပါမယ်။
အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန
မိုခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ နိုင်ငံတော်ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံတော်အဆင့်မှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရှိပါတယ်။ ဒီကော်မတီအောက်မှာ လုပ်ငန်းအဖွဲ့ ၁၂ ခုရှိပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးအားလုံးမှာ ရှိပါတယ်။ ရခိုင်ပြည်နယ်မှာလည်း သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့တွေရှိပါတယ်။ ဗဟိုကော်မတီ၊ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့တွေ ပေါင်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ကြပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမစခင်မှာ ဆောင်ရွက်ထားရတာတွေလည်းရှိတယ်။ မဖြစ်ပွား ခင်အချိန်ကတည်းက ကြိုတင်သတိပေးချက်တွေ၊ ဘေးမဖြစ်ခင်ရှောင်ရှားနိုင်တဲ့ကိစ္စတွေ၊ ဘေးဖြစ်ခဲ့ရင်ထောက်ပံ့ဖို့အတွက် ကြိုတင်ပြီးစုဆောင်းထားရတာတွေ ရှိပါတယ်။ လူတွေအတွက် ဘာတွေလိုသလဲဆိုတော့ အကြမ်းအားဖြင့် အစားအသောက်တွေ၊ နေရေးထိုင်ရေးပစ္စည်းတွေနဲ့နေအိမ်တွေ၊ ဒါတွေကိုမဖြစ်ခင်ကတည်းက ကြိုတင်ပြီးတော့ စီမံရပါတယ်။ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ လမ်း၊ တံတား၊ ဆေးရုံဒါတွေက မရှိမဖြစ်နိစ္စဓူဝ လိုအပ်တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ဝန်ကြီးဌာနတစ်ခုတည်း လုပ်လို့မရပါဘူး။ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနဦးဆောင်မှုနဲ့ ဝန်ကြီးဌာန အားလုံးပူးပေါင်းပြီးလုပ်ကြပါတယ်။ ဥပဒေထဲမှာလည်းပါပါတယ်၊။ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟိုဌာန (Disaster Management Centre-DMC) ကို ဖွဲ့စည်းထားပါတယ်။ ၂၄ နာရီ ရုံးခန်းဖွင့်လှစ်ပြီးတော့ ဝန်ကြီးဌာနအားလုံးက တာဝန်ရှိသူတွေ လာပြီးတော့မှ အားလုံးပူးပေါင်း ဆောင်ရွက်ကြပါတယ်။
ကျွန်တော်တို့ဌာနအနေနဲ့ ပံ့ပိုးကူညီပြီး၊ ပေါင်းစပ်ညှိနှိုင်းပြီး လုပ်ရပါတယ်။ လုပ်ငန်းတွေကို ဝန်ကြီးဌာနတွေက သူတို့တာဝန်အလိုက် လုပ်ကြတဲ့အခါ ကျွန်တော်တို့ကပေါင်းစပ်ပြီး လုပ်ပေးတယ်။ ဒီကနေ့ဒီအချိန်မှာဆိုရင် သုံးလခွဲကာလရှိနေပါပြီ။ ဒီခရီးစဉ်မှာ နိုင်ငံတကာက သံတမန်တွေကို ဒါတွေကို ပြသတယ်။ UN ၊ NGO တွေနဲ့ ပူးပေါင် ဆောင်ရွက်တာတွေ၊ အိမ်နီးချင်းနိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေ၊ မိတ်ဖက်နိုင်ငံတွေက လှူဒါန်းမှုတွေ၊ ပံ့ပိုးကူညီမှုတွေ၊ ဒါတွေကလည်း ကျွန်တော်တို့ အမြဲတမ်းပြောနေကျ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် Cooperative Approach နဲ့သွားတယ်။ အဲဒီမှာ အရေးအကြီးဆုံးပြတာက ကျွန်တော်တို့မှာ မူဝါဒရှိပါတယ်။ ဒါကတော့ သဘာဝဘေး စီမံခန့်ခွဲမှုနဲ့ ထောက်ပံ့ရေးလုပ်ငန်းဆောင်ရွက်တဲ့အခါ “မည်သူမျှချန်ထားခြင်းမရှိစေရ၊ မူလအခြေအနေထက် ပိုမိုကောင်းမွန်တဲ့ အခြေအနေရရှိအောင်၊ ပိုမိုကြံ့ခိုင်သော လူနေမှုဘဝရရှိအောင်” ဒါတွေကို ကျွန်တော်တို့ ရည်မှန်းပြီးတော့ လုပ်ရပါတယ်။
စောစောက ကျွန်တော်ပြောခဲ့သလို မည်သူမျှချန်ထားခြင်းမရှိစေရဆိုတာအပြင် ထိခိုက်လွယ်တဲ့အုပ်စုတွေ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ၊ မသန်စွမ်းတွေ၊ သက်ကြီးရွယ်အိုတွေ ဒါမျိုးတွေကိုပါ ကြည့်ရတယ်။ ပေါင်းလိုက်ရင်တော့ မည်သူကိုမှလည်း ချန်မထားဘူး။ IDP Camp တွေမှာဆိုရင် လည်း သက်ကြီးရွယ်အိုတွေပါတယ်၊ အမျိုးသမီးတွေပါတယ်။ ပြီးတော့ IDP Camp တွေမှာဆိုရင် သီးခြားလိုအပ်ချက်တွေလည်း ရှိသေးတယ်။ဒါတွေကိုလည်း ကျွန်တော်တို့က တတ်နိုင်သလောက် ဖြည့်ဆည်းပေးပြီးတော့ ဆောင်ရွက်နေပါတယ်။ မူလကလည်း ဖြည့်ဆည်းပေးတယ်၊ မိုခါကြောင့်လည်း ပိုပြီးတော့ ဖြည့်ဆည်းပေးတယ်။
မဖြစ်ခင်ကတည်းက IDP Camp တွေမှာ မကျန်ရစေအောင်စီစဉ်တယ်။ ဒီတစ်ခါမုန်တိုင်းမှာ စစ်တွေမှာဆိုရင် များသောအားဖြင့် အဆောက်အအုံတွေအများကြီး ပျက်စီးသွားပါတယ်။ ဒါပေမယ့် မုန်တိုင်းပြင်းအားနဲ့ ပျက်စီးတာနဲ့စာရင် အသေအပျောက် အင်မတန်နည်းတယ်။ ဒါတွေကတော့ ကျွန်တော်တို့ စုပေါင်းစွမ်းအားနဲ့ ဆောင်ရွက်ကြလို့ ဒီလိုမျိုး ဖြစ်တာပါ။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း
မိုခါမုန်တိုင်းတိုက်ခတ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံတော်အကြီးအကဲ ရောက်ရှိလာပြီးတော့ ကျွန်တော်တို့ကို ညွှန်ကြားချက်ပေးပါတယ်။ ဒါကတော့ အရင်အခြေအနေထက် သာလွန်ကောင်းမွန်တဲ့အခြေအနေဖြစ်အောင် ကြိုးစားပြီးဆောင်ရွက်ဖို့ပါ။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ အရင်အခြေအနေထက် သာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
ဒီလိုဆောင်ရွက်တဲ့အခါမှာ ပထမဦးစားပေးအနေနဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းပန်းဆက်သွယ်ရေး အပါအဝင် ပြန်လည်ထူထောင်ရေးကိစ္စရပ်တွေကို တစ်ခုပြီးတစ်ခု ဆောင်ရွက်ခဲ့ပါတယ်။ အခုဆိုရင် ပြန်လည်တည်ဆောက်ရေးအပိုင်းတွေကို သူ့အပိုင်းနဲ့သူ ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လက်ရှိအခြေအနေမှာ လျှပ်စစ်မီးအပါအဝင် လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ လူမှုရေးအားလုံး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခုတော့ကျွန်တော်တို့အနေနဲ့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍကို အထူးဦးစားပေးဆောင်ရွက်နေတဲ့အချိန် ဖြစ်ပါတယ်။
ကျွန်တော်တို့ဒေသဟာ စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကဦးစားပေးဆောင်ရွက်တဲ့ ဒေသ၊ အရင်းအမြစ်တွေရှိတဲ့ဒေသလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန် မှာကြားချက်နဲ့အညီ စိုက်ပျိုးရေးအတွက် နိုင်ငံတော်က အထွက်နှုန်းကောင်းတဲ့ မျိုးစပါးတွေကို ပေးထားပါတယ်။ အရင်ထက်ပိုပြီးတော့ အထွက်နှုန်းတွေကောင်းအောင် စိုက်နည်းစနစ်တွေ၊ ထွန်ယက်တာ ကအစ စက်မှုလယ်ယာကနေ အခမဲ့ကူညီထွန်ယက် ဆောင်ရွက်ပေးနေတာတွေရှိပါတယ်။ ဒါကြောင့်မို့ မကြာမီ တစ်ပြည်နယ်လုံးမှာရှိတဲ့ စိုက်ဧကအားလုံး ထွန်တုံးပိတ်နိုင်မှာဖြစ်ပါတယ်။
မွေးမြူရေးကိစ္စရပ်တွေမှာ မိုခါကြောင့် ဆုံးရှုံးနစ်နာမှုတွေ ရှိပါတယ်။ ဒီအတွက်နိုင်ငံတော်ရဲ့ အထောက်အပံ့၊ အကူအညီနဲ့ဆောင်ရွက်ပေးနေတာတွေလည်း ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လမ်းညွှန်မှာကြားထားတာ ရှိပါတယ်။ ဒါကတော့ လုပ်နိုင်ခြေကောင်းတဲ့၊ အလားအလာကောင်းတဲ့ မွေးမြူရေးသမားတွေကို ပျိုးထောင်ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နိုင်ငံတော်က တစ်ဖက်က စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ကူညီထောက်ပံ့ပေး သလိုမွေးမြူရေးနဲ့ပတ်သက်လို့လည်းချေးငွေတွေ ထောက်ပံ့ပေးပြီးတော့ ဆောင်ရွက်နေပါတယ်။
အခုရောက်ရှိလာတဲ့ သံတမန်တွေက ဒီကအခြေအနေတွေကို သူတို့အံ့ဩသွားတယ်။ မိုခါမုန်တိုင်းတိုက်ခတ်ခဲ့တာ တကယ်ဟုတ်ရဲ့လားဆိုပြီး သူတို့အံ့ဩတာတွေ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ အချိန်တိုအတွင်းမှာ ပုံမှန်အနေအထားရောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကျွန်တော်တို့ အားထုတ်မှုတစ်ခုတည်းမဟုတ်ပါဘူး။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ပြည်ထောင်စုအဆင့်က ဆောင်ရွက်သလိုတပ်မတော်သားတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာအသီးသီးနဲ့ ဒေသခံပြည်သူလူထုအားလုံး ပူးပေါင်းပါဝင်ကြတဲ့ အင်အားတွေကြောင့် အချိန်တိုအတွင်း ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတာကို သက်သေပြနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒီလိုပဲ ဘာသာရေးဆိုင်ရာ အဆောက်အအုံ၊ ဆေးရုံနဲ့ကူညီထောက်ပံ့ရေးပစ္စည်းတွေ တင်ချနေတာတွေကိုလည်း လက်တွေ့ပြသနိုင်ခဲ့ပါတယ်။ ထို့အတူကျွန်တော်တို့မှာရှိတဲ့ စခန်းတွေ၊ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေတဲ့သူတွေကို ကူညီထောက်ပံ့ပေးနေတာတွေလည်း ရှိပါတယ်။ ဒါတွေ ကို သူတို့ကို မျက်ဝါးထင်ထင် ပြသနိုင်ခဲ့ပါတယ်။ ဒါကတော့ နိုင်ငံတော်ရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတကာကိုသိအောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုတဲ့ အကျိုးရလဒ်ပါပဲ။ ဒါကလည်း ကျွန်တော်တို့အားလုံး ရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုပါပဲ။
ပြန်လည်လက်ခံရေးကိုလည်း ကျွန်တော်တို့ ရည်မှန်းချက်ထားဆောင်ရွက်နေပါတယ်။ ဒါကြောင့်မို့လည်း လက်ခံတဲ့နေရာမှာ စတင်စစ်ဆေးပြီးတော့ လက်ခံမယ့်နေရာ၊ သယ်ယူပို့ဆောင်မယ့် နေရာ၊ သူတို့ကို နေရာချထားမယ့် နေရာတွေကို ကျွန်တော်တို့ လိုက်ပြလိုက်ပါတယ်။ သူတို့အနေနဲ့ ကျွန်တော်တို့ အမှန်တကယ် လုပ်ကိုင်နေတာတွေအားလုံးကို မြင်တွေ့သွားတယ်။
ဒီလိုမြင်တယ်၊ တွေ့တယ်၊ သိတယ်ဒါတွေနဲ့ပတ်သက်ပြီးမြင်တဲ့၊ တွေ့တဲ့၊ သိတဲ့အရာတွေကို သူတို့မိတ်ဆွေတွေကို ပြောပြစေချင်တယ်။ အမှန်ကိုအမှန်တိုင်းပြောပြစေချင်ပါတယ်။ ဒါတွေကို ပြသခွင့်ရဖို့ နိုင်ငံတော်အကြီးအကဲရဲ့ ဒီခရီးစဉ်စီမံပေးမှုဟာ ကျွန်တော်တို့အတွက် အခွင့်အရေးကောင်း တွေများစွာရရှိခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အမှန်တကယ်လုပ်ကိုင်ပေးထားတာတွေကို သူတို့မြင်တွေ့သွားတယ်။ ဒီလိုမြင်တွေ့တာတွေကို သတင်းစကားတွေအဖြစ် သူတို့ရဲ့ မိတ်ဆွေတွေကို ပြောဖို့ပဲလိုပါတယ်။
မစ္စတာ မုံခွန်းဝိစစ်စတန် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး
ကျွန်တော်က မတ်လတုန်းကပထမအကြိမ်လေ့လာရေးခရီးစဉ်မှာလည်း လိုက်ပါခဲ့ပြီးတော့ ခြောက်လအကြာအခု ဒုတိယအကြိမ် ထပ်မံရောက်ရှိခဲ့ခြင်းဖြစ်ပါတယ်။ မိုခါကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေအတွက် နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြတဲ့သူတွေအားလုံး ပါဝင်ကူညီဆောင်ရွက်ပေးထားတဲ့ ပြန်လည်ထူထောင်ရေးအခြေအနေကို တွေ့မြင်ခဲ့ရပါတယ်။ ဒီအတွက် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။
ကျွန်တော်တို့ ထိုင်းနိုင်ငံအနေနဲ့ မိုခါဘေးသင့်ခဲ့တဲ့ ရခိုင်ပြည်နယ်က ပြည်သူတွေ၊ တခြားနေရာတွေက ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုကိုစာနာ နားလည်ပါတယ်။ ထိုင်းဘုရင် အပါအဝင် ထိုင်းပြည်သူတွေက စာနာထောက်ထားမှုအကူအညီတွေကို မြန်မာပြည်သူတွေထံ ပေးခဲ့ပါတယ်။ မိုခါမုန်တိုင်း ခံစားခဲ့ရပေမယ့် ပြည်သူတွေအနေနဲ့လုံခြုံတဲ့၊ ပိုမိုကောင်းမွန်တဲ့ လူမှုဘဝကိုရရှိနေကြတာကို လက်တွေ့တွေ့မြင်ခဲ့ရတဲ့အတွက်လည်း မြန်မာအစိုးရရဲ့ ဆောင်ရွက်မှုများအပေါ် များစွာချီးကျူး ဂုဏ်ယူမိပါတယ်။
ပထမအကြိမ် လေ့လာရေးခရီးစဉ်မှာကတည်းက ရခိုင်ပြည်နယ်မှာ လူမှုပေါင်းစည်းရေးအတွက် ဆောင်ရွက်ပေးနေမှုတွေ၊ မတူညီတဲ့လူမှုအသိုက် အဝိုင်းနှစ်ခုအတူတကွ ပညာသင်ကြားမှုတွေကို လေ့လာခွင့်ရခဲ့ပြီး ဒီနေ့မှာလည်း မုန်တိုင်းဒဏ်သင့် ပြီးနောက် အဆိုပါသင်တန်းတွေကို အဆက်မပြတ်ဘဲ ဆက်လက်ဖွင့်လှစ်ပေးနေတာကို တွေ့ရတဲ့အတွက် မြန်မာအစိုးရရဲ့ ဆောင်ရွက်နေမှုအပေါ် များစွာချီးကျူးလိုပါတယ်။ ပြီးတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နဲ့ဆောင်ရွက်မယ့် ပြန်လည်လက်ခံရေးစခန်းတွေကို သွားရောက်လေ့လာမှာဖြစ်ပါတယ်။ ပထမအဆင့်ဖြစ်တဲ့ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်တွေအတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်မှုကနေ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ယုံကြည်ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ TICA အစီအစဉ်အောက်ကနေပြီး ရခိုင်ပြည်နယ်နေပြည်သူများရဲ့ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်မှုတွေကနေ ပြန်လည်ဝင်ရောက်လာမယ့် နေရပ်စွန့်ခွာသူတွေအတွက် ကောင်းမွန်လုံခြုံတဲ့ လူမှုစီးပွားဘဝတွေကို ရရှိစေမယ်လို့လည်း ယုံကြည်ပါတယ်။
မစ္စတာ ဂျေအမ် ပရီယန်သာဘန်ဒါရာ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး
ဒီခရီးစဉ်မတိုင်မီက ကျွန်တော့်အနေနဲ့ ရခိုင် ပြည်နယ်ကို ရောက်ရှိခဲ့ဖူးခြင်း မရှိသေးတဲ့ အတွက် ဒီဒေသနဲ့ ပတ်သက်ပြီး သေချာသိရှိခဲ့ခြင်းမရှိခဲ့ပါဘူး။ ယခုနှစ်ရက်တာ သံတမန်ခရီးစဉ်မှာ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ဆိုင်ကလုန်းမိုခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ IDP စခန်းနေသူများ အတွက် စီမံဆောင်ရွက်ပေးထားမှုတွေနဲ့ ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူများကို စိစစ်ပြန်လည် လက်ခံရေးအတွက် ဆောင်ရွက်ထားရှိတဲ့ အခြေအနေတွေကို မျက်မြင်လေ့လာခွင့်ရခဲ့ပါတယ်။ ဒီလိုမျိုး မြန်မာအစိုးရရဲ့ ဆောင်ရွက်ပေးနေမှုကိုလည်း မိမိအနေနဲ့ ဝမ်းမြောက်စွာ အသိအမှတ်ပြုကြောင်းလည်း ပြောလိုပါတယ်။
မြန်မာအစိုးရအနေနဲ့ မိုခါမုန်တိုင်းဒဏ်သင့် ထူထောင်ရေးလုပ်ငန်းတွေနဲ့ နေရပ်စွန့်ခွာသူများ အရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး ဆောင်ရွက်ပေးနေတာကိုလည်း တွေ့မြင်ခဲ့ရတယ်။
ကျွန်တော့်အနေနဲ့ ပြောကြားရမယ်ဆိုရင် သီရိလင်္ကာနိုင်ငံမှာလည်း နှစ်(၃၀)ကြာ အကြမ်းဖက်နှိမ်နင်းရေးဆောင်ရွက်ခဲ့မှုတွေ၊ ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဆူနာမီဘေးဒဏ်သင့် ဒေသတွေအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ စီးပွားရေးအကျပ်အတည်းတွေ၊ ကိုဗစ်-၁၉လို ကပ်ရောဂါများ ထိန်းချုပ်ကာကွယ် ကုသရေးတွေစတဲ့ အခက်အခဲများစွာကို ကျော်ဖြတ်ခဲ့ရတဲ့ အတွေ့အကြုံတွေ ရှိခဲ့ပါတယ်။ ဒါကြောင့်ခုလိုမြန်မာနိုင်ငံက ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တာကို တွေ့မြင်ရတဲ့အတွက်လည်း မြန်မာအစိုးရရဲ့ ဆောင်ရွက်ပေးမှုအပေါ် ချီးကျူးဂုဏ်ပြုကြောင်း ပြောလိုပါတယ်။
ဆိုင်ကလုန်းမိုခါနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာအစိုးရအနေနဲ့ ကြိုတင်သတိပေးမှုတွေ ကြိုတင်ပြင်ဆင်မှုတွေကို ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့လို့ သေဆုံးမှုအရေအတွက် အနည်းဆုံး ဖြစ်ခဲ့တာကိုလည်း တွေ့ရှိခဲ့ရပါတယ်။ တကယ်တော့ကျွန်တော်တို့ လေ့လာခဲ့ရတဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက်ရတာတွေဟာ ဒီလိုအခြေအနေရောက်ရှိအောင် လက်တွေ့ဆောင်ရွက်ရတာ မလွယ်ကူနိုင်ပါဘူး။
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးပြောရမယ်ဆိုရင် မြန်မာအစိုးရဟာ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးအတွက် စဉ်ဆက်မပြတ် အကောင်အထည် ဖော်ဆောင်ပေးနေတာကို လေ့လာခဲ့ရပါတယ်။ ဒီနေရာမှာပြောကြားလိုတာကတော့ သီရိလင်္ကာ နိုင်ငံအနေနဲ့ အကြမ်းဖက်တိုက်ဖျက်မှုကို လုပ်ဆောင်ပြီးနောက် မူလအခြေအနေရောက်ရှိဖို့ လုပ်ငန်းဆောင်ရွက်ခဲ့ရာမှာလည်း အချိန်ယူဆောင်ရွက်ခဲ့ရသလို ပြန်လည်နေရာချထားရေးမှာ မူလအခြေအနေ ပြန်လည်ရောက်ရှိဖို့ အချိန်အတိုင်းအတာတစ်ခု လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးမှာ စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုပေမယ့် မြန်မာနိုင်ငံအနေနဲ့စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အားလုံးကိုအောင်မြင်စွာ ကျော်လွှားနိုင်မယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်။ သီရိလင်္ကာနိုင်ငံအနေနဲ့လည်း မိတ်ဆွေကောင်းပီသစွာ မြန်မာနိုင်ငံဘက်က အစဉ်အမြဲရပ်တည်သွားမယ်လို့ ထပ်လောင်းပြောကြားလိုပါတယ်။
သန်းမင်းအောင်(သတင်းစဉ်)
ဓာတ်ပုံ - အောင်မင်းဟန်