Skip to main content

ကျောက်စာရုံတွေနဲ့ပတ်သက်ပြီးတော့လည်း အမြော်အမြင်ရှိရှိနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ တည်ထားပေးတာ အလွန်ဝမ်းသာပီတိဖြစ်မိပါတယ် (အရှင်အဂ္ဂဓဇ)

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်း၊ ရှင်လူအများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိခဲ့ပြီး ယနေ့စက်တင်ဘာ ၄ ရက်တွင် ဘုရားဖူးပြည်သူများ အခမဲ့ဖူးမြော်နိုင်ပြီး ကင်မရာပါရှိသည့် လက်ကိုင်ဖုန်းများကို ဘုရားကြီးဘက်စုံ ပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေ ၁၀၀၀ ကျပ်ဖြင့် ဝင်ခွင့်ပြုခဲ့ရာ လာရောက်ဖူးမြော်ကြည်ညိုကြသူများ စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

အဖွဲ့အလိုက် ဘုရားဖူးများ၊ အနယ်နယ် အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညိုသဒ္ဓါအားကောင်းစွာ လှူဒါန်းပူဇော်နေမှု များနှင့် ပျော်ရွှင်စွာ လေ့လာဖူးမြော်နေမှုများကို မြင်တွေ့ရပြီး ဘုရားကြီးသို့ လာရောက်ဖူးမြော်သူများ၏ ပီတိစကားများ၊ အနုမောဒနာသာဓုခေါ်သံများနှင့် သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

အရှင်အဂ္ဂဓဇ (တောင်သာလေး ဆရာတော်၊ ပုသိမ်ကြီးမြို့နယ်)

ဥူးဇင်းက မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့ တောင်သာလေးကျောင်းတိုက်ကနေ နေပြည်တော်မှာတည်ထားတဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်တာပါ။ ဥူးဇင်းတို့က ဗုဒ္ဓဘာသာလည်း ဖြစ်တယ်။ ဘုရားရဲ့သားတွေလည်း ဖြစ်ပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံမှာ အကြီးဆုံးဖြစ်တဲ့ တစ်နည်းအားဖြင့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဘုရားဂုဏ်တော်တွေပွားပြီး ကြည်ညိုလွန်းလို့ လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ မြင်ရဖူးရတဲ့အခါမှာလည်း အင်မတန် ထူးခြားလှတဲ့ ဘုရားကြီးလည်းဖြစ်သလို ကျောင်း၊ ကန်၊ ဇရပ်တွေပါ ပြည့်စုံလွန်းလှပါတယ်။ ကျောက်စာရုံတွေနဲ့ ပတ်သက်ပြီးတော့လည်း အမြော်အမြင်ရှိရှိနဲ့ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကို ဗုဒ္ဓ ဘာသာဝင်တစ်ဦးအနေနဲ့ တည်ထား ပေးတာ အလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။

မင်းတုန်းမင်းကြီး လက်ထက်ကလည်း ကျောက်ထက်အက္ခရာတင်ခဲ့တာ တွေရှိပါတယ်။ အခုလည်းပဲ သာသနာအဓွန့်ရှည်ဖို့အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကြီးကိုယ်တိုင်က သာသနာအတွက် လုပ်ပေးတယ်ဆိုတော့ ဥူးဇင်းတို့အနေနဲ့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘုရားဖူးလာပြည်သူတွေကို ဘုရားကြီးပရိဝုဏ်အတွင်း မဝင်ခင်ရော ပရိဝုဏ်အတွင်းမှာပါ ဥူးဇင်းအနေနဲ့ မင်္ဂလာစကားတွေပြောတဲ့အခါ ဘုရားကြီးလာရောက်ဖူးမြော်ကြတာ၊ အင်မတန် ကျေနပ်အားရနေကြရတာကို သိရပါတယ်။ ဒီလိုတွေသိရတော့ ဝမ်းသာမဆုံး သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ဘာသာရေး၊ သာသနာရေးနဲ့ပတ်သက်ပြီး အင်မတန်မှ ထူးထူးချွန်ချွန်လုပ်တဲ့အတွက် ဝမ်းသာပီတိတွေဖြစ်မိပါတယ်။

ကိုမြတ်မောင်မောင်ကျော်

(ကလောမြို့နယ်)

ကျွန်တော်က ကလောမြို့နယ်ကနေပြီး စကျင်ကျောက်နဲ့ ထုဆစ်ထားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်တဲ့ထိုင်တော်မူ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးကို မိသားစု ၁၄ ယောက်နဲ့ လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ပထမဆုံး ဘုရားကြီးရဲ့ရင်ပြင်တော်ပေါ်မှာ ဘုရားဝတ်ပြုပြီး မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားတွေ ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။ အဲဒီနောက်မှာ ကျောက်စာရုံစေတီတွေကို သွားရောက်လေ့လာ ဖြစ်ပါတယ်။ မန္တလေးမြို့ ကုသိုလ်တော်ဘုရားမှာရှိတဲ့ ကျောက်စာတွေကိုလည်း လေ့လာဖူးပါတယ်။ ဒါပေမယ့် ဒီကျောက်စာတွေက ကျွန်တော်တို့လို အရပ်သားတွေဖတ်လို့ရအောင် ပြုလုပ်ပေးထားပါတယ်။ ပါဠိအက္ခရာတွေဆိုတာ အခုခေတ်လူငယ်တွေ တော်တော်များများက ဖတ်တတ်နေကြပါပြီ။ လူငယ်တွေဟာ ဘုရား၊ တရား သံဃာနဲ့လည်း သိပ်ပြီးမဝေးလှတဲ့ အတွက်လည်း ဖြစ်ပါတယ်။ ကျောက်စာတွေကို ခေတ်မီစက်ကိရိယာတွေနဲ့ စာလုံးပေါင်းသတ်ပုံ အမှားအယွင်းမရှိ ထွင်းထုထားတာလည်း တော်တော်ကိုအံ့ဩမှင်တက်မိပါတယ်။ မြန်မာနိုင်ငံ အတွင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကိုလည်း လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်း နှိုးဆော်ပါတယ်။ အခြားဘာသာဝင်တွေကိုလည်း လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒေါ်အုန်းကြည်

(ရေနီမြို့နယ်)

ကျွန်မက ရေနီမြို့နယ်က လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးကို ကြည်ညိုလွန်းလို့ ဆေးခန်းပြဖို့ကို မသွားသေးဘဲနဲ့ ဘုရားကြီးကို အရင်ဦးဆုံး လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရားကြီး ဖူးမြော်ပြီးအပြန်မှ ဆေးခန်းသွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့လို အသက်ကြီးတဲ့သူတွေ၊ ကျန်းမာရေးချို့တဲ့တဲ့ ဘုရားဖူး လာပြည်သူတွေအတွက် လက်တွန်းလှည်း တွေ စီစဉ်ပေးထားတာ သာဓုအကြိမ်ကြိမ် ခေါ်ဆိုပါတယ်။ ဘုရားကြီးကို တည်ဆောက်ပူဇော်ဖို့ စကျင်ကျောက်တော် သယ်ယူတဲ့အခါမှာလည်း ရေလမ်း၊ ကုန်းလမ်းအပြင် နေ့ရောညပါ သယ်ယူရတဲ့အတွက် နေပြည်တော်ကို ရောက်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဘုရား ကြီး ပင့်ထောင်တဲ့အခါမှာလည်း ခေတ်မီစက်ယန္တရားတွေ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ ဒီလိုအခက်အခဲတွေကြား ကနေ တည်ထားပူဇော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။

အခုလိုဘုရားကြီးကို မျက်မြင်လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက်လည်း ဝမ်းသာကျေနပ်ပါတယ်။ ဘုရားကြီးက စကျင်ကျောက်နဲ့ ထုဆစ်တာ အကြီးမားဆုံးဖြစ်တဲ့အတွက် မှတ်တမ်းတင်ထိုက်စရာ ဘုရားတစ်ဆူလည်း ဖြစ်ပါတယ်။ ဘုရားရဲ့ပတ်ပတ်လည်မှာရှိတဲ့ ဂန္ဓကုဋိတိုက်တွေမှာ ၅၅၀ ဇာတ်နိပါတ်တော်နဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာတော်တွေကို ထုဆစ်ထားတဲ့ ဗိသုကာလက်ရာတွေကိုလည်း တွေ့ရပါတယ်။ ကျောက်စာရုံကြီးမှာ ပိဋကတ်သုံးပုံကို ရေးထိုးတယ်ဆိုတော့ တကယ်ကို ထူးခြားပါတယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေလည်း မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြပါ။ ကျွန်မလိုပဲ ဘုရားကြီးထဲရောက်တာနဲ့ စိတ်အေးချမ်းတဲ့ ခံစားချက်ကို ရရှိမှာဖြစ်သလို ကျန်းမာရေး မကောင်းတာတွေပါ သက်သာလာတယ်လို့ ခံစားမိပါတယ်။

မနန်းခမ်းယုံ

(ပအိုဝ်းတိုင်းရင်းသူ၊ တောင်ကြီးမြို့)

ဘုရားကြီးကို ဩဂုတ် ၈ ရက်ကတည်းက စတင်ဖူးမြော်ခွင့်ပြုတာ သိရပါတယ်။ လူမှုကွန်ရက် စာမျက်နှာတွေထဲမှာတော့ ဖူးတွေ့ခဲ့ရပေမယ့် အခုအပြင်မှာ ဖူးမြင်ရတော့ လွန်စွာသပ္ပာယ် ကြည်ညိုလှပါတယ်။ အလွန်ဖူးမြော်ချင် စိတ်ဖြစ်ပေါ်နေခဲ့တာပါ။ ဒီနေ့တော့ ရပ်ဆွေရပ်မျိုး ၃၀ လောက်ကို ကားနှစ်စီးနဲ့ ဘုရားဖူး မရောက်ရောက်အောင် လာရောက်ဖူးမြော်ခြင်း ဖြစ်ပါတယ်။ နောက်ပြီး မသန်စွမ်းတွေနဲ့ သက်ကြီး ဘိုးဘွားတွေ ဘုရားရင်ပြင်ပေါ်ကို တက်ရောက်ပြီး ဖူးမြော်နိုင်ဖို့ စက်လှေကားစီစဉ်ပေးထားမှု ကလည်း အတော်လေးအဆင်ပြေပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ ပတ်ပတ်လည်မှာရှိတဲ့ ဂန္ဓကုဋိ တိုက်အတွင်းမှာလည်း ၅၅၀ ဇာတ်နိပါတ်တော်ကို ပြသထားခြင်းဟာလည်း ဗုဒ္ဓဘာသာရဲ့အနှစ်သာရကို ထင်ဟပ်စေပါတယ်။ ကျောက်စာရုံစေတီမှာဆိုလည်း လေ့လာစရာတွေ အများကြီးရှိနေပါတယ်။ ကျောက်စာရုံစေတီတွေ ဘက်ကနေလည်း ဘုရားကြီးကို ဖူးမြော်လို့ရအောင် တည်ဆောက်ထားတဲ့ အတတ်ပညာကလည်း ထူးခြားပါတယ်။ ဒါကြောင့် အနယ်နယ်အရပ်ရပ်က မိတ်ဆွေ၊ သူငယ်ချင်းတွေ လာရောက်ဖူးမြော်ကြဖို့ နှိုးဆော်လိုပါတယ်။

မသီရိရွှေစင်

(ကျောင်းသူ၊ ဇမ္ဗူသီရိမြို့နယ်)

ကျွန်မကတော့ အ.ထ.က ၅ ဇမ္ဗူသီရိ မြို့နယ်ကပါ။ ကျွန်မတို့ကျောင်းက ဆရာ ဆရာမတွေရဲ့ အုပ်ထိန်းမှုနဲ့ ကျောင်းသား ကျောင်းသူ ၂၀၀ ဝန်းကျင်လောက်ကို မာရဝိဇယဘုရားကြီး ဖူးမြော်ဖို့ လိုက်ပို့ပေးပါတယ်။ မာရဝိဇယဘုရားကြီးကို စပြီးဖူးလိုက်တဲ့အချိန်မှာ ရင်ထဲမှာ အေးချမ်းပြီးတော့ ကြည်ညိုစိတ်ဖြစ်ပေါ်ပါတယ်။ စိတ်လည်း အလွန်ချမ်းသာပါတယ်။ ကျောက်စာရုံစေတီတွေ၊ နဂါးရုံဘုရားကိုလည်း သူငယ်ချင်းတွေနဲ့အတူ ဖူးမြော်ခဲ့ပါတယ်။ ရုပ်မြင်သံကြားမှာ စတွေ့လိုက်တော့ ဘုရားကြီးဟာ ကြည်ညိုစရာအလွန်ပဲ ကောင်းပါတယ်။ ဘုရားကြီးကို ဖူးမြော်လိုတဲ့ဆန္ဒတွေ အတိုင်းမသိဖြစ်လာတဲ့အတွက် မိသားစုတွေနဲ့ လာရောက်ဖူးမြော်တာဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို မိဘဆွေမျိုးတွေနဲ့ တစ်ခေါက်လောက်တော့ လာရောက်ဖူးစေချင်ပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းသား ကျောင်းသူတွေလည်း ဘုရားကြီးအား လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဟိန်းထက်ဇော် (မြန်မာ့အလင်း)

ဓာတ်ပုံ - အိမ့်ဘီလီယံမောင်