လက်ရှိကာလတွင် နိုင်ငံတကာဈေးကွက်တန်ဖိုးမြင့်မားမှု၊ စက်သုံးဆီ၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုစရိတ်များမြင့်မားလာမှုများနှင့် ကုန်ပစ္စည်းပြတ်လပ်မှု၊ ဈေးကစားမှု၊ မတော်လောဘထားရှိမှုစသည်တို့ကြောင့် အထွေထွေကုန်ဈေးနှုန်းများ မြင့်မားနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခါအများပြည်သူတို့၏ နေ့စဉ်လူမှုစီးပွားဘဝတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။
အထူးသဖြင့် အခြေခံစားသုံးသူပြည်သူများ နေ့စဉ်စားသောက်ရေးအတွက် ဖြစ်ပေါ်နေသော အခက်အခဲများကို လတ်တလောဖြေရှင်းပေးနိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် အစိုးရအဖွဲ့များ၏ဦးဆောင်မှုဖြင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကုန်စည်ဈေးနှုန်းထိန်းသိမ်းကြပ်မတ်ရေး၊ ကုန်စည်ဈေးနှုန်းတည်ငြိမ်ရေး၊ ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ထွက်ရှိရေးတို့ကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီးတစ်ဖက်တွင် အခြေခံကုန်ပစ္စည်းများကို ပြည်သူများသက်သာချောင်ချိစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် နယ်မြေဒေသအလိုက် လိုက်လံရောင်းချပေးလျက်ရှိသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရန် ထိန်းကျောင်းဆောင်ရွက်ပေးလျက်ရှိသည်။ စားအုန်းဆီအဓိကထုတ်လုပ်သည့်နိုင်ငံများတွင် ဖြစ်ပေါ်နေသည့် အခြေခံဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်စရိတ်၊ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခများကို ထည့်သွင်းတွက်ချက်လျက် ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို ထုတ်ပြန်အသိပေးလျက်ရှိသည်။
ထို့အပြင် အခြေခံအဓိကစားကုန်ဖြစ်သည့် ဆန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဆန်စပါးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများက ဆန်စပါးဝယ်ယူသိုလှောင်ဖြန့်ဖြူးရောင်းချမှုများနှင့်ပတ်သက်၍ ထိန်းသိမ်းကြပ်မတ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ အခြေခံကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့်လုပ်ဆောင်မှုများ ပြုလုပ်သည်ကိုတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်များအတွင်းရှိ ဈေးကြီးများတွင် အခြေခံစားသုံးကုန်ပစ္စည်းများ သန့်ရှင်းလတ်ဆတ်စေရန်နှင့် စားသုံးကုန်ပစ္စည်းများအလိုက် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချရန်၊ တာရှည်ခံဓာတုဆေးဝါးများဖြင့် ပြုပြင်ဆောင်ရွက်ထားသည့် စားသုံးရန်မသင့်သော စားသုံးကုန်များ ရောင်းချမှုမရှိစေရေး ကုန်ပစ္စည်းအရည်အသွေးစစ်ဆေးရေးဌာနနှင့် ချိတ်ဆက်၍ ကွင်းဆင်းစစ်ဆေးရန်၊ ပြည်သူလူထု၏ အဓိကစားသုံးကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဥအမျိုးမျိုး၊ သားငါး၊ မီးဖိုချောင်သုံးသီးနှံများ ပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်ထားရန် အခြေအနေများကို သက်ဆိုင်ရာတို့က မပြတ်မလပ် စစ်ဆေးဆောင်ရွက်ပေးခြင်းအားဖြင့် အများပြည်သူအဆင်ပြေမည်ဖြစ်သည်။
ထိုသို့ ဖြန့်ကြက်ဆောင်ရွက်လျက်ရှိသော်လည်း အခြေခံစားသောက်ကုန်များနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျယ်ပြန့်လျက်ရှိသဖြင့် ကုန်ပစ္စည်းများ ပြတ်လပ်မှုမရှိသော်လည်း ကုန်ဈေးနှုန်းများ တည်ငြိမ်ကျဆင်းရေးတွင် စိန်ခေါ်မှုများစွာရှိနေဆဲဖြစ်သည်။ အဆိုပါအခက်အခဲများကို ကျော်လွှားနိုင် ရေးအတွက် ပြည်သူများကြုံတွေ့နေသည့် အခက်အခဲများကို လတ်တလောဖြေရှင်းနိုင်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အစိုးရအဖွဲ့၏ ဦးဆောင်စီစဉ်မှုဖြင့် ဒေသခံပြည်သူများ ဆန်၊ ဆီ၊ သားငါး၊ ဥအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်များကို သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ဒေသအလိုက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့်ချိတ်ဆက်ကာ ကိုယ်တိုင်တိုက်ရိုက်လာရောက်ရောင်းချနိုင်သည့် အရောင်းဆိုင်များကို မြို့နယ်အလိုက်ရှိဈေးများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိရာ ပြည်သူများ သက်သာချောင်ချိစွာဖြင့် အဆင်ပြေလွယ်ကူစွာ ဝယ်ယူစားသုံးနိုင်ကြသည်။
သို့ဖြစ်ရာ ပြည်သူများကြုံတွေ့နေရသည့် အဓိကအားဖြင့် အခြေခံစားသောက် ကုန်ပစ္စည်းများ ဈေးနှုန်းကြီးမြင့်နေမှုကို ကျော်လွှားနိုင်ရန်အတွက် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများ၏ အားပေးကြီးကြပ်ဆောင်ရွက်ပေးမှုများဖြင့် စိုက်ပျိုးမွေးမြူသူများက ပြည်သူများအပေါ်စေတနာထားပြီး ဒေသအလိုက် ကိုယ်တိုင်စိုက်၊ ကိုယ်တိုင်မွေး၊ ကိုယ်တိုင်တိုက်ရိုက်ရောင်းချခြင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်းအားဖြင့် ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူစားသုံးနိုင်ကြကာ စိတ်ချမ်းမြေ့ကျေနပ်ကြမည်ဖြစ်ပါကြောင်း။ ။