Skip to main content

“ပြည်သူတွေကလည်း အခုလိုကြည်ညိုသပ္ပာယ်စရာကောင်းပြီး ခမ်းနားထည်ဝါတဲ့ ဘုရားကြီးကို စည်းကမ်းရှိစွာဖူးမြော်ပြီး ဝိုင်းဝန်းထိန်းသိမ်းစေချင်သလို တာဝန်ရှိသူတွေကလည်း ဘုရားကြီးအဓွန့်ရှည်အောင် ပြုပြင်ထိန်းသိမ်းမှုတွေပြုလုပ်ပေးစေချင်ပါတယ်”

နေပြည်တော် စက်တင်ဘာ ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှစတင်၍ အခမဲ့ဝင်ရောက်ဖူးမြော်ခွင့်ပေးလျက်ရှိရာ ယနေ့တွင် လာရောက်ဖူးမြော်ကြသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကားလျက်ရှိ သည်ကို တွေ့မြင်ရသည်။

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ၏ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညိုခဲ့ရသည့် ရင်တွင်းဝမ်းသာ ပီတိစကားသံများကို ရေးသားဖော်ပြလိုက်ရပါသည်။

ဥူးသူရိယ (အမရပူရခရေပင်ကျောင်းတိုက်၊ မန္တလေးမြို့)

ကိုယ်တိုင်လည်း ဖူးမြော်ချင်တဲ့ဆန္ဒရှိတာကြောင့် ဒါယကာ၊ ဒါယိကာမတွေကိုလိုက်ပို့ရင်း လာရောက်ဖူးမြော်တာပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဘုရားကို ပထမဆုံးဖူးမြော်ရတဲ့အတွက် အလွန်ဝမ်းသာပီတိဖြစ်မိပါတယ်။ ကိုယ့်ဘာသာသာသနာကို ကမ္ဘာ့အလယ်မှာအားလုံးသိအောင် ချပြနိုင်တဲ့အတွက်လည်း ဝမ်းမြောက်မိတယ်။ အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးဆိုရင်လည်း သံဃာတော်အပါး ၉၀၀ နဲ့ လူ ပရိသတ် ၁၂၀၀ ဝင်ဆံ့တယ်လို့သိရပြီး ခမ်းနားထည်ဝါစွာ တည်ဆောက်ထားတဲ့အတွက် မြင်ရတာအင်မတန်မှ ဝမ်းသာပီတိဖြစ်မိပါတယ်။ သာသနာတော်အတွက်လည်း အထောက်အပံ့ဖြစ်ပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်းက သာသနိကအဆောက် အအုံတွေကိုလည်းပန်းပု၊ပန်းချီကအစရှေးမူမပျက်အောင် ကျွမ်းကျင်ပညာရှင်တွေနဲ့ အဆင့်အတန်းမြင့်မားစွာ တည်ဆောက်ထားတာကို တွေ့ရတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထားကိုးကွယ်တဲ့ရည်ရွယ်ချက်ကလည်း အင်မတန်မှကောင်းပါတယ်။

ဒေါ်နွေးထွေးဦး (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ဒီဘုရားကြီးကို ဘုရားဖွင့်ပွဲမှာ စပြီးမြင်ဖူးတာပါ။ ကျွန်မတို့က ရွှေတိဂုံဘုရား၊ ကျိုက်ထီးရိုးဘုရားပဲတွေ့မြင်ဖူးမြော်ဖူးတာပါ။ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ကမ္ဘာမှာဉာဏ်တော်အမြင့်ဆုံးဘုရားဖြစ်တာကြောင့် အခုလိုကိုယ်တိုင်ကိုယ်ကျလာရောက်ဖူးမြော်တဲ့အခါ ရင်ထဲမှာအလွန်ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ဘုရားကြီးနဲ့ သာသနိကအဆောက်အအုံတွေက ဗိသုကာလက်ရာနဲ့ပတ်သက်ပြီး ဘုရားကြီးမဖွင့်ခင်ကတည်းက ရှင်းလင်းပြသထားတာကိုလည်း ရုပ်မြင်သံကြားက အစီအစဉ်တွေ၊ သတင်းစာတွေမှာ တွေ့မြင်ရပါတယ်။ ဘုရားကြီးတည်ဆောက်ပူဇော်ဖို့ စကျင်ကျောက်တော်တွေပင့်ဆောင်ရာမှာ အခက်အခဲအမျိုးမျိုးကိုကျော်လွှားပြီး ပင့်ဆောင်ခဲ့ပုံ အဆင့်ဆင့်ကို မြင်တွေ့ရတော့ နိုင်ငံတကာအဆင့်လည်းမီတယ်။ ပြီးတော့ ဗိသုကာလက်ရာတွေ ကလည်း ပြောစရာမလိုလောက်အောင် ရှေးမူမပျက်ဘဲ ဆန်းသစ်စွာပြုလုပ်ထားတာကို တွေ့ရတယ်။ မြန်မာနိုင်ငံကအင်ဂျင်နီယာတွေရော ဘုရားကြီးကိုတည် ဆောက်ပေးတဲ့ ပုဂ္ဂိုလ်တွေအားလုံးကို ဂုဏ်ယူလေးစားမိသလို ကျေးဇူးလည်းတင်ပါတယ်။ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ ဘုရားကြီးမှာ လာရောက်ဖူးမြော်ကြတာတွေကိုတွေ့ရတော့ တစ်နေရာတည်းမှာဆုံတွေ့ခွင့်ရပြီး ရင်းနှီးခွင့်လည်းရတော့ ပိုပြီးဝမ်းသာကြည်နူးမိပါတယ်။ ဘုရားကြီးကို လာရောက်မဖူးမြော်ရသေးတဲ့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေအားလုံးကို လာရောက်ဖူးမြော်စေချင်ပါတယ်။ ဘုရားကြီးအတွင်း ဖုန်းတွေ၊ ကင်မရာတွေနဲ့ ကားဝင်ကြေးတွေကိုလည်း သင့်တင့်တဲ့ဈေးနှုန်းနဲ့ပဲ ကောက်ခံစေချင်ပါတယ်။ ပြည်သူတွေကို သက်သက်သာသာဖြစ်စေချင်တယ်။ ကျွန်မတို့ပြည်သူတွေကလည်း အခုလို ကြည်ညိုသပ္ပာယ်စရာကောင်းပြီး ခမ်းနားထည်ဝါတဲ့ ဘုရားကြီးကို စည်းကမ်းရှိစွာဖူးမြော်ပြီး ဝိုင်းဝန်းထိန်းသိမ်းစေချင်သလို တာဝန်ရှိသူတွေကလည်း ဘုရားကြီးအဓွန့်ရှည်အောင် ပြုပြင်ထိန်းသိမ်းမှု တွေ ပြုလုပ်ပေးစေချင်ပါတယ်။

ဦးကိုငယ် (ရွာရှည်စံပြကျေးရွာ၊ ဝမ်းတွင်းမြို့နယ်)

ဒီဘုရားကြီး စတင်တည် ဆောက်ပူဇော်တဲ့အချိန်ကစပြီး တည်ဆောက်ပူဇော် အောင်မြင်ပြီးတဲ့အချိန်မှာ လာရောက်ဖူးမြော်မယ်ဆိုပြီး အားခဲထားခဲ့တာ အခုမှပဲ လာရောက်ဖူးမြော်ဖြစ်တာပါ။ ဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ မိသားစုတွေနဲ့ အိမ်နီးနားက မိတ်ဆွေတွေစုပေါင်းပြီး ကားနဲ့မနက်စောစော လာရောက်ဖူးမြော် ကြတာဖြစ်ပါတယ်။ အခုလို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ရတဲ့အတွက်လည်း အင်မတန်မှဝမ်းသာပီတိဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံးဘုရားကို မြန်မာနိုင်ငံမှာတည်ဆောက်ပူဇော်ထားတော့ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ သားတစ်ယောက် အနေနဲ့ရော ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ပါ ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ အခုလိုဘုရားကြီးကို အများပြည်သူတွေဖူးမြော်ကြည်ညိုလို့ရအောင် တည်ဆောက်ပူဇော်ခဲ့တဲ့ နိုင်ငံတော်ကတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ အလှူရှင်တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဦးစိုးငြိမ်းထက် (လက်ထောက်ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရဲ့ စီမံပေးမှုနဲ့အတူ ရန်ကုန်တိုင်းဒေသကြီးရဲ့ ဌာနဆိုင်ရာ ၁၉ ခု နဲ့ ခရိုင်ရှစ်ခရိုင်မှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဝန်ထမ်းမိသားစုတွေစုစုပေါင်း လူဦးရေ ၈၀၀ ခန့်နဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ရခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်လိုက်တဲ့အတွက် တစ်ခါမှမခံစားဖူးတဲ့ ကြည်ညိုသပ္ပာယ်မှုမျိုးကို ခံစားရတယ်။ ဘုရားဖူးပြည်သူတွေ ဘုရားဖူးလာရင်း ရင်ပြင်တော်၊ ရေပန်းအဝိုင်းတွေနဲ့ ကျောက်စာရုံစေတီတွေမှာ ပျော်ရွှင်ကြည်နူးစွာ ဓာတ်ပုံတွေရိုက်နေတာတွေမြင်ရတော့ စိတ်ထဲမှာအလွန်ကြည်နူးဝမ်းသာဖြစ်ရပါတယ်။ ဒီဘုရားကြီးကို ဆရာတော်ဘုရားကြီးတွေရဲ့ ဩဝါဒတွေခံယူပြီး နိုင်ငံတော်ဝန်ကြီးချုပ်ကြီးရဲ့ လမ်းညွှန်ချက်တွေနဲ့အတူ ပြည်သူတွေ၊ တပ်မတော်သားတွေ၊ ဝန်ထမ်းတွေပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တာကြောင့် ကမ္ဘာ့အလယ်မှာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ်တော်အမြင့်ဆုံး ဘုရားကြီးတစ်ဆူ ပေါ်ထွန်းလာတာကို အင်မတန်မှဂုဏ်ယူဝမ်းမြောက်မိသလို မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့လည်း ဂုဏ်ယူမိပါတယ်။ သာမန်ရုံးပိတ်ရက်တွေနဲ့ အများပြည်သူ ရုံးပိတ်ရက်တွေမှာ ဝန်ကြီးချုပ်ရဲ့စီမံမှုနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေကို ဆက်လက်ပို့ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုဝင်တွေကို ဒီတစ်ပတ် ရုံးပိတ်ရက်နှစ်ရက်မှာ စုစုပေါင်း ဦးရေ ၁၇၀၀ ခန့်ကိုလည်း ပို့ဆောင်ဖူးမြော်စေခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်မှာရှိတဲ့ ပြည်သူတွေကလည်း ဖူးမြော်ချင်တယ်ဆိုတဲ့ သတင်းတွေ ကြားရတယ်။ ဒါကြောင့် နောက် တစ်ခေါက်တွေမှာဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုဝင်များအပြင် ပြည်သူတွေကိုပါ ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို ကိုယ်တိုင်လာရောက်ဖူးမြော်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ တရားဘာဝနာများ ပွားများကြပါ လို့ တိုက်တွန်းချင်ပါတယ်။

ဦးလှမောင် (ညောင်လေးပင်မြို့)

မာရဝိဇယ ဗုဒ္ဓကျောက်ဆစ် ရုပ်ပွားတော်မြတ်ကြီးကို တီဗွီမှာမြင်ကတည်းက သွားရောက် ဖူးမြော်မယ်လို့ အားခဲထားခဲ့တာပါ။ ဒါကြောင့် ဒီနေ့မှာမိသားစု တွေနဲ့လာရောက်ဖူးမြော်တာပါ။ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ကြည်ညိုရတဲ့အခါမှာလည်း စိတ်ထဲမှာအင်မတန်မှ ဝမ်းသာကြည်နူးပီတိဖြစ်ရပါတယ်။ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ခမ်းနားထည်ဝါပြီး ကြည်ညိုသပ္ပာယ်စရာကောင်းလှပါတယ်။ ဗုဒ္ဓဥယျာဉ်တော်အတွင်း သာသနိကအဆောက်အအုံတွေ ကျောက်စာ တွေကို ကြည့်ရှုလေ့လာဖူးမြော်ရင်း မောလာလို့ ဇရပ်မှာခဏဝင်နားတော့ ဘုရားဖူးပြည်သူတွေ အတွက် ရေသန့်ဘူးကြီးတွေနဲ့ သောက်ရေလှူဒါန်းထားတာကို တွေ့ပါတယ်။ အင်မတန်မှကောင်းပါတယ်။ ရေအကျိုး ၁၀ ပါးကိုလည်း မတောင်းဘဲပြည့်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အနယ်နယ်အရပ်ရပ်က ဓမ္မမိတ်ဆွေအပေါင်းကိုလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကုသိုလ်ယူကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး၊

ဂျိုင်းလော၊ ဓာတ်ပုံ - လုလင်ငယ်