Skip to main content

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများ၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုကြသဖြင့် အထူးစည်ကား

နေပြည်တော် စက်တင်ဘာ ၃

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့တွင် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် ဖြစ်သည်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းများ၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုကြသဖြင့် ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း အထူးစည်ကားလျက်ရှိသည်။

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စတင်ဖူးမြော်ခွင့်ရသည့် နံနက်ပိုင်းမှစတင်၍ ဘုရားဖူးမော်တော်ယာဉ်များ လာရောက်မှုများပြားသဖြင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်အန္တရာယ်ကင်းရှင်းစေရန်အတွက် ယာဉ်ကြောရှင်းပေးခြင်းနှင့် တာဝန်ရှိသူများကလည်း ဘူရားဖူးလာပြည်သူများကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးမြော်နိုင်ရေးအတွက် ဘုရားမုခ်ဦးရှေ့များတွင် လုံခြုံရေးအရလိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်ပေးကြသည်။      

ထိုသို့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရွှင်လန်းစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ကျန်းမာရေးဝန်ထမ်းများကလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းသူများနှင့် သက်ကြီးရွယ်အိုများ ဘုရားရင်ပြင်တော်ဆီသို့ သွားလာရေးလွယ်ကူစေရန်အတွက် မော်တော်ယာဉ်ငယ်များဖြင့် ပို့ဆောင်ပေးခြင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များကလည်း လမ်းလျှောက်ရန်အခက်အခဲဖြစ်သည့် သက်ကြီးဘိုးဘွားများအား ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း အဆင်ပြေစွာဖြင့် ဘုရားဖူးမြော် ကြည်ညိုနိုင်ရန် Wheel Chair များဖြင့် လိုက်လံပို့ဆောင်ပေးကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေး ကြသည်။

ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အစီအမံဖြင့် ဝန်ထမ်းများအစိုးရရုံးပိတ်ရက်တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုနိုင်ရန်အတွက် စီစဉ်ပေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ ၁၉ ခုနှင့် ခရိုင် ၈ ခရိုင်မှ အရာထမ်းအမှုထမ်းများနှင့် ဝန်ထမ်းမိသားစု စုစုပေါင်း ၈၀၀ ခန့် ရန်ကုန်မြို့မှ နေပြည်တော်သို့လာရောက်၍ ဘုရားကြီးအားဖူးမြော်ကြည်ညိုကြရာ ဝန်ထမ်းများနှင့် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးလာပြည်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား စိတ်ကြည်နူးချမ်းမြေ့စွာဖူးမြော်ကြည်ညိုခြင်း၊ စိတ် အေးချမ်းသာစွာဖြင့် တရားဘာဝနာပွားများ အားထုတ်ခြင်း၊ ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက်များအသုံးပြု၍ အနုပညာလက်ရာကွဲပြားစွာ တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့ကို စိတ်ဝင်တစားကြည့်ရှုလေ့လာကြကာ ရင်ပြင်တော်ပေါ်ရှိ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးအား တီးခတ်၍ ကုသိုလ်အဖို့ဘာဂ အမျှဝေကြသူများ၊ ဘုရားရင်ပြင်တော် အောင်မြေပေါ်တွင် အဓိဋ္ဌာန်ဆုတောင်းဖူးမြော်ကြသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယကျောင်းတော်နှင့် သာသနာရေးဆိုင်ရာအခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် သံဃာတော် အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သည့် အဂ္ဂါဓိပတိသာသနာ့ ဗိမာန်တော်ကြီးကို သွားရောက်လေ့လာကြည့်ရှုကြပြီး အဋ္ဌကထာဋီကာကျမ်းစာများကို စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ ထွင်းထုထည့်သွင်း တည်ဆောက်ထားသည့် ကျောက်စာရုံစေတီတော်အဆူ ၇၂၀ နှင့် ဩဝါဒါစရိယာ ဆရာတော်ကြီးများ၏ ဩဝါဒခံယူလျက် ပိဋကတ်တော်လာ အဆိုများ၊ မဟာဗုဒ္ဓဝင်ကျမ်းဂန်တော် များနှင့်အညီ ပြည့်စုံစွာတည်ထားသည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့ကိုလည်း စိတ်ဝင်စားစွာဖူးမြော်လေ့လာကြည်ညိုကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း၌ စနစ်တကျခမ်းနားထည်ဝါစွာ တည်ဆောက်ထားသည့် ရေပန်းရင်ပြင်၊ ရေပန်းဝိုင်းအကြီး၊ ရေပန်း ဝိုင်းအသေးနေရာများ၊ ရင်ပြင်တော်၊ ဗောဓိညောင်ပင်၊ လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်ပျိုများအနီး အစုအဖွဲ့အလိုက်၊ မိသားစုအလိုက် ပျော်ရွှင်စွာအမှတ်တရ ဓာတ်ပုံရိုက်ကြပြီး ကျွန်းတိုင်များအသုံးပြု၍ မြန်မာမှုလက်ရာများဖြင့် ရှေးမူမပျက်ဆောက်လုပ်ထားသည့် သုဓမ္မာဇရပ်များ၌ အေးချမ်းစွာအပန်းဖြေအနား ယူကြသည်ကို တွေ့ရသည်။

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ လာရောက်ဖူးမြော်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းအဖွဲ့များနှင့် ဘုရားဖူးပြည်သူများသည် ဘုရားကြီးအား ကြည်ညိုသဒ္ဓါပွားများလျက် အလှူငွေများကို ဘုရားဂေါပကအဖွဲ့ထံလှူဒါန်းကြ၍ သက်ဆိုင်ရာနေရာအသီးသီး၌ ထားရှိသည့် အလှူခံပုံးများတွင်လည်း စေတနာ သဒ္ဓါတရားထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းကြပြီး ဘုရားဖူးလာရောက်သူများအနက်မှ အချို့ကလည်း သဒ္ဓါတရားအရ ဘုရားရင်ပြင်တော် သန့်ရှင်းရေးကုသိုလ် များဆောင်ရွက်ခြင်း၊ အမှိုက်ပုံးများကို စနစ်တကျထားရှိထားရာ အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်းနှင့် ဖိနပ်များကို စနစ်တကျ သိမ်းဆည်းပေးခြင်းတို့ကိုလည်း ကုသိုလ်ဖြစ်ပြုလုပ်ပေးကြသည်ကို တွေ့ရသည်။

ထို့ပြင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများ သောက်သုံးရေအခက်အခဲမရှိစေရန် နေပြည်တော် သောက်ရေသန့်စက်ရုံမှ သောက်ရေသန့်ဘူးအရောင်းဆိုင် ဖွင့်လှစ်ရောင်းချပေးနေသည့်အပြင် သုဓမ္မာဇရပ်များနှင့် ဘုရား ဝင်းအချို့နေရာများတွင် အလှူရှင်များကလှူဒါန်းထားသည့် ရေသန့်ဘူးများကို စနစ်တကျသန့်ရှင်းစွာ ထားရှိပေးထားသကဲ့သို့ ဘုရားဖူးပြည်သူများ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်စဉ် ကျန်းမာရေးတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျန်းမာရေးဝန်ကြီးဌာန နေပြည်တော် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ဖွင့်လှစ်ထားသည်ကိုလည်း တွေ့ရသည်။

သတင်း- ဟိန်းမင်းစိုး၊ ဂျိုင်းလော

ဓာတ်ပုံ- ကျော်ရဲဆွေ