နေပြည်တော် စက်တင်ဘာ ၃
တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Forum) ကို ယမန်နေ့နံနက်ပိုင်းက ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် တပ်ကုန်းမြို့နယ်မှ တောင်သူများတက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍထုတ်ကုန်မြင့်မားစေရေးအတွက် သီးထပ်စွမ်းအားများကို မြှင့်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြေဆီလွှာများကို ဓာတ်ခွဲစမ်းသပ်မှု သုတေသနမှတ်တမ်းများအရ ဒေသအသီးသီးမှ မြေဆီလွှာအမျိုးမျိုးတွင် အော်ဂဲနစ်မက်တာခေါ် ဇီဝအကြွင်းအကျန်များနည်းပါးလျက်ရှိရာ အပင်လိုအပ်သည့်အာဟာရဓာတ်များ ထိန်းသိမ်းနိုင်စွမ်းမရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြေဆီလွှာကျန်းမာရေးကောင်းမှ သီးထပ်စွမ်းအား တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း။
ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲများမှတစ်ဆင့် အသိပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ တိုးပွားလာစေမည်ဖြစ်ပြီး သုတေသီများ၊ ပညာရှင်များနှင့် တောင်သူများအကြား နည်းပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ ပုံမှန်ကျင်းပပြီး သိသာထင်ရှားသော ပြောင်းလဲတိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရေးအတွက် လုပ်နည်းလုပ်ဟန် အသွင်ကူးပြောင်းမှု မြန်မြန်ဆန်ဆန်ဖြင့် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို ဆက်လက်ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာညီနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ သုတေသနဌာနခွဲ မြေဆီလွှာသိပ္ပံသုတေသနဌာနမှ သုတေသနမှူးဒေါက်တာနီနီတင်တို့က မြေဆီလွှာကျန်းမာရေးနှင့် သီးနှံစိုက်စွမ်းအားတိုးမြှင့်ရေးကို တောင်သူများနှင့် အပြန်အလှန် နှီးနှောတိုင်ပင်ဆွေးနွေးကြသည်။
စနေနေ့တိုင်းကျင်းပသွားမည်
တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာအခက်အခဲများ ဖြေရှင်းပေးရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေးတာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရေးအတွက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို အပတ်စဉ် စနေနေ့တိုင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်