Skip to main content

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် လုပ်ထုံး လုပ်နည်းစံနှုန်းရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး

နေပြည်တော် စက်တင်ဘာ ၂

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့်နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာန အသီးသီးမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

ဦးစွာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး က (SOP)ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီအနေဖြင့် စိုက်ပျိုးရေးအခြေခံသော မိမိတို့နိုင်ငံတွင် လယ်ယာမြေအရင်းအမြစ်များကို ရေရှည်တည်တံ့စွာအသုံးချနိုင်ရေးအတွက် တည်ဆဲ လယ်ယာမြေဥပဒေများကို မျက်ကွယ်ပြုပြီး လယ်မြေများကို ဥပဒေနှင့်အညီ ခွင့်ပြုချက်မရှိဘဲ မြို့မြေ ရွာမြေကဲ့သို့ အခိုင်အမာနေအိမ်ဆောက်လုပ်ခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်း၊ စက်ရုံအလုပ်ရုံများဆောက်လုပ်ခြင်း စသည့်ဥပဒေမဲ့လုပ်ဆောင်နေမှုများကို ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့် နောင်ထပ်မံမဖြစ်ပွားစေရန် ဆောင်ရွက်မည့် နည်းလမ်းများ လုပ်ထုံးလုပ်နည်းများ ဖြစ်ပေါ်လာရေးအတွက် မြေပြင်လက်တွေ့ အခြေအနေများကို ထိတွေ့ဆောင်ရွက်ရသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်လုပ်ငန်းကော်မတီတို့၏ တင်ပြလာမှုများကို အခြေခံ၍ အကောင်းဆုံးရလဒ်တစ်ခု ပြုစု၍ ဦးစီးကော်မတီသို့ တင်ပြဆောင်ရွက်သွားရန် ဖြစ်ကြောင်း။

တိုးတက်ဖွံ့ဖြိုးလာသော စက်ရုံ အလုပ်ရုံများအတွက် မြေနေရာရရှိရေး၊ မှန်ကန်ရိုးသားစွာ လုပ်ဆောင်သည့် ပြည်သူများနစ်နာမှုမရှိစေရေး စသည့်အခြေခံအချက်များကို စနစ်တကျလေ့လာ ဆန်းစစ်ပြီး အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည့် (Standard Operating Procedure–SOP) ပေါ်ထွက်လာရေးကို မိမိတို့ ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် SOP ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥပဒေနှင့်ညီညွတ်ခြင်းမရှိဘဲ လယ်ယာမြေအပေါ် သုံးစွဲမှုကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနအသီးသီးမှ လုပ်ငန်းကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများ အလိုက် တင်ပြဆွေးနွေးကြသည်။

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုခြင်းသည် လယ်ယာမြေများအပေါ် ဥပဒေမဲ့လုပ်ဆောင်နေမှုများအား စီမံခန့်ခွဲခြင်းလုပ်ငန်းများကို တည်ဆဲလယ်ယာမြေ ဥပဒေ၊ ဆက်စပ်ဥပဒေများနှင့်အညီ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်စေရန်နှင့် နောင်ထပ်မံမဖြစ်ပွား စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်