Skip to main content

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ သင်တန်းဆိုင်ရာအတွေ့အကြုံများမျှဝေခြင်း အခမ်းအနား (၁၄/၂၀၂၃) ကျင်းပ

နေပြည်တော် စက်တင်ဘာ ၁

မြန်မာနိုင်ငံတော်ဗဟိုဘဏ် နေပြည်တော်၌ သင်တန်းဆိုင်ရာအတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၁၄/၂၀၂၃) ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်နှင့် ဒေါက်တာလင်းအောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။

သင်တန်းဆိုင်ရာအတွေ့အကြုံများမျှဝေခြင်း (Knowledge Sharing) အခမ်းအနား (၁၄/၂၀၂၃) တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်ကြီးကြပ်စစ်ဆေးသူများအတွက် နေ့စဉ်ပြောင်းလဲ တိုးတက်လာနေသော IT နည်းပညာအရ Digital ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများ၊ ချေးငွေများနှင့်ရင်းနှီးမြှုပ်နှံမှုများကြပ်မတ်ကွပ်ကဲခြင်း၊ ကြီးကြပ် စစ်ဆေးခြင်းများလုပ်ဆောင်ရာတွင် ဘာဆယ်ကော်မတီ (BASEL Committee)က ထုတ်ပြန်ထား သောဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအပေါ် အခြေခံထားသော ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးကြပ်မတ်ခြင်း၊ ဘဏ်များ၏ဆုံးရှုံးနိုင်ခြေကို ကာကွယ်ထိန်းသိမ်းပေးနိုင်ခြင်းဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုကို ရယူသုံးစွဲနေသော ပြည်သူများ၏ယုံကြည်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်းများအား ဆုံးရှုံးနိုင်ခြေအခြေခံသော ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ သိရှိစေရန်အတွက် ဗဟုသုတများကို မျှဝေခြင်းဖြင့် မိမိတို့အဖွဲ့အစည်းရှိ ဝန်ထမ်းများအတွက် များစွာအကျိုးကျေးဇူး ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် “Risk-Based Supervision and Supervisory Review Process” ခေါင်းစဉ်နှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါ်မြတ်သီတာမင်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်အောင်ကျော်တို့က နိုင်ငံတကာ၌ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းတွင် ကြီးကြပ်စစ်ဆေးသူများသည် ဆုံးရှုံးနိုင်ခြေကိုအခြေခံသည့် ကြီးကြပ်စစ်ဆေးခြင်းဖြင့် ဘာဆယ် (BASEL) ၏ မဏ္ဍိုင် ၂ ကို လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဆုံးရှုံးနိုင်ခြေကိုအခြေခံသော ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းကို အသုံးပြုလျက်ရှိပြီး ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များအပေါ် လမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဘဏ်နှင့်ငွေရေးကြေးရေး အဖွဲ့အစည်းများအတွက် မဏ္ဍိုင် ၂ ပါ ကြီးကြပ်မှုကို ပြန်လည်သုံးသပ်ခြင်းနှင့်စပ်လျဉ်းသော လိုအပ်သည့်ညွှန်ကြားချက်များထုတ်ပြန်၍ အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်မှုပုံစံနှင့် ဌာနတွင်းကြီးကြပ်မှု၊ ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အကဲဖြတ်ခြင်းတို့ကို အဆင့်မြှင့်တင်ခြင်းဖြင့် ဆုံးရှုံးနိုင်ခြေကိုအခြေခံသော ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးခြင်းကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးကြပြီး တက်ရောက်လာကြသော ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်