ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး စတင်ကျင်းပနေပြီ ဖြစ်သည်။ အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှ ငြိမ်းချမ်းရေးကို ဦးထိပ်ထားသည့် သန္နိဋ္ဌာန်စိတ်ဖြင့် ရှေ့သို့ဆက်လှမ်းနိုင်ရန် အားလုံးကြိုးပမ်းဆောင်ရွက်နေကြပြီ။ (၂၁)ရာစု ပင်လုံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်းမရှိစေဘဲ ပြည်နယ်များ၏ ကိုယ်ပိုင်အခြေခံဥပဒေရေးဆွဲခွင့်ကို အားလုံးသဘောတူညီကြသည်။ ရှေ့မတိုး၊ နောက်မဆုတ် အနေအထားဖြင့် လိပ်ခဲတည်းလည်းဖြစ်ခဲ့ရသည့် တစ်ဆို့မှုများကိုလည်း ကျော်လွှားနိုင်ခဲ့သည်။ ဆက်လက်ဆွေးနွေးရဦးမည့် အချက်များနှင့်ပတ်သက်၍ မကြာမီကာလ တွင် ပြေလည်အောင်မြင်သွား လိမ့်မည်ဟု ရှုမြင်ပါသည်။
သဘောတူညီချက်မရခဲ့သည့် စကားရပ်၊ အခေါ်အဝေါ်များ၏ လေးနက်မှုနှင့် အဓိပ္ပာယ် သက်ရောက်မှုများကို နှစ်ဖက်စလုံးက သိမြင်နားလည်နိုင်ကြမည်ဆိုလျှင် နှစ်ဦးနှစ်ဖက် သဘောတူ လက်ခံနိုင်အောင်၊ အားလုံး၏ စိုးရိမ်ပူပန်မှုများ ပြေပျောက်နိုင်အောင် ဆွေးနွေး ညှိနှိုင်းယူပါက သေချာပေါက် ရရှိနိုင်မည်ဖြစ်သည်။ ယခင်က စဉ်းစား၍ပင် မရနိုင်ခဲ့သည့်၊ ညှိနှိုင်းဖို့ပင် အလွန်ခက်ခဲသည့် အခြေခံမူများကို သဘောတူညီလာအောင် ဆောင်ရွက်နိုင်ခဲ့ သည်။ လေးနှစ်ကျော် ကာလအတွင်း ပြည်ထောင်စုကြီး၏ အနာဂတ်အကျိုးကို မျှော်မှန်းပြီး ငြိမ်းချမ်းရေးအတွက် ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။
"ငြိမ်းချမ်းရေးကို တည်ဆောက်ကြတယ်ဆိုတာ ပြည်ထောင်စု ကောင်းကျိုး၊ တိုင်းရင်းသား ပြည်သူတွေရဲ့ အနာဂတ်ကို ဆောင်ကြဉ်းပေးတာထက် ပိုမိုသာလွန်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာ မြင့်မြတ်တဲ့ကောင်းမှုကို ထမ်းဆောင်ခြင်းပဲဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ကြရာမှာ သေနတ်သံ၊ ဗုံးသံတွေ၊ တိုက်ပွဲသံတွေ တိုးတိတ်ငြိမ်သက် သွားရုံ သက်သက်မဟုတ်ပါဘူး။ လက်နက်ကိုအားကိုးမှ၊ အင်အားကိုအသုံးချမှ ထိရောက်မှု ရှိမယ်၊ အရာဝင်မယ်၊ အလေးပေးခံရမယ်၊ အောင်မြင်မယ်ဆိုတဲ့ “နိုင်ငံရေးဓလေ့ဆိုး”ကို ဖြစ်ပေါ် စေခဲ့တဲ့ အဇ္ဈတ္တစိတ်သန္တာန် ရေသောက်မြစ်ကို ဖြတ်တောက်ပစ်ဖို့အထိ အဓိကရည်ရွယ်တာပါ။ ဒါဟာ ငြိမ်းချမ်းရေး တည်ဆောက်သူတွေရဲ့ အန္တိမမျှော်မှန်းချက် ဖြစ်ပါတယ်"ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က (၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် နှစ်ပေါင်း(၇၀)ကျော် လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးများကို ကျောကော့အောင် ခံခဲ့ရသည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်းစစ် ဟုပင် သတ်မှတ်မှုရှိခဲ့သည်။ နောက်ထပ် နှစ်ပေါင်းမည်မျှ ကြာအောင် အဆိုးသံသရာတွင် လည်နေဦးမည်ကို စဉ်းစား ကြည့်ရန်လိုမည် ဖြစ်သည်။ ငြိမ်းချမ်းရေး ကင်းမဲ့ခြင်းနှင့် ပဋိပက္ခများ ရှည်ကြာခြင်း၏ အကျိုးဆက်နှင့် ပေးဆပ်ရမှုများကိုကြည့်လျှင် လူ့အသက်များ ဆုံးရှုံးခြင်း၊ အိုးအိမ်များ ပျက်စီးခြင်း၊ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးရခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ မှုများ ထိခိုက်ဆုံးရှုံးရခြင်းတို့ကို မြင်တွေ့နိုင်သော်လည်း လူငယ်များ၏ ပညာရေးနှင့် တိုင်းပြည်၏ အနာဂတ်၊ တိုင်းရင်းသား ပြည်သူများ၏ ကျန်းမာရေးနှင့် သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်မှု စသည့်မသိမမြင်နိုင်သော ထိခိုက်ဆုံးရှုံးမှုမှာ မမျှော်မှန်းနိုင်အောင် စတေးခဲ့ရပြီးဖြစ်သည်။ နှစ်ပေါင်း(၇၀)ကျော်အတွင်း ငွေကြေးထရီလီယံနှင့်ချီ ဆုံးရှုံးခဲ့ရမှုများအပြင် ပြည်ထောင်စု၏ အနာဂတ်၊ ပြည်ထောင်စု ကြီးအတွင်းမှ သားသမီးများ၏ဘဝများ အမြောက် အမြား ပေးဆပ်ခဲ့ရပြီးဖြစ်သည်။
ယနေ့အချိန်အခါတွင် ကျွန်ုပ်တို့အားလုံး ငြိမ်းချမ်းရေးတည်ဆောက်သူ များဖြစ်အောင် ကြိုးစားခွင့်ကို သမိုင်းက ပေးအပ်လာခဲ့ပြီဖြစ်သည်။ အတိတ်သမိုင်း၏ သင်ခန်းစာများကို အားလုံးအလေးအနက်ဆင်ခြင် သုံးသပ်ကြရ မည်ဖြစ်သည်။ သမိုင်းကြောင်းတစ်လျှောက် တိုင်းရင်းသားများ၏ ရင်တွင်း၊ နှလုံးသားအတွင်းမှ ဒဏ်ရာဒဏ်ချက်များကို အားလုံး နှလုံးသားများနှင့် မျှဝေခံစားပြီး စာနာမှုဖြင့် ကုစားပေးကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ အပင်ပေါက်စ၊ အညွန့်ထူစ၊ ထွန်းသစ်စ ဒီမိုကရေစီ ရင့်ကျက်ခိုင်မာအောင် ကြိုးစားလျှောက်လှမ်းရင်း တစ်ချိန်တည်းတွင် တိုင်းရင်းသားများ၏ ပြည်ထောင်စုအိပ်မက်ကို ပုံဖော်ပေးနိုင်မည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးခရီးကို ကျားကုတ်ကျားခဲ ဆက်လက် လျှောက်လှမ်းကြ ရဦးမည်ဖြစ်ပါကြောင်း။