နေပြည်တော် ဩဂုတ် ၂၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာ့ရိုးရာယွန်းပညာရပ်များ သင်ကြားပို့ချနေသော မန္တလေးတိုင်းဒေသကြီးညောင်ဦးခရိုင် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ် (ပုဂံ) သို့သွားရောက်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ယွန်းပညာကောလိပ် (ပုဂံ) ကျောင်းအုပ်ဆရာမကြီးက ယွန်းအတတ်ပညာ ဒီပလိုမာ (၂) နှစ်သင်တန်း၊ ယွန်းအတတ်ပညာဒီပလိုမာ (၁) နှစ် အထူးသင်တန်းများ ဖွင့်လှစ်ပို့ချနေမှု၊ တက်ရောက်လေ့လာသင်ယူနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေးတို့အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း၊ ယွန်းပညာကောလိပ် (ပုဂံ) သည် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပြီး မြန်မာ့ရိုးရာယွန်းထည်နည်းစနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များဖြင့် တိုးတက်တီထွင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမှ ရရှိလာသည့်နည်းပညာများကို ပြန်လည်မျှဝေဖြန့်ဖြူးပေးရမည်ဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပညာရေးဆုံးခန်းတိုင်အောင် လေ့လာဆည်းပူးပြီး ကိုယ့်ဒေသဖွံ့ဖြိုးရေးအတွက် တက်ကြွစွာပါဝင်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊ Grade 9 နှင့်အထက် လူငယ်များအနေဖြင့် သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများတွင်တက်ရောက်နိုင်ပြီး ထူးချွန်သူများက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရှိပါကြောင်း၊ ဦးစီးဌာနများကလည်း တက်ညီလက်ညီဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းသား/ သင်တန်းသူများ၏ လုပ်ငန်းအခက်အခဲနှင့်ပတ်သက်၍ တင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
(သတင်းစဉ်)