Skip to main content

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးဆိုင်ရာ သောကြာနေ့စကားဝိုင်း ကျင်းပ

နေပြည်တော် ဩဂုတ် ၂၅

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း အမှတ်စဉ်(၂၇) ဆွေးနွေးပွဲအဖြစ်“ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအတွက် ကျင်းပပြုလုပ်သည့် ပထမအကြိမ်ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးအစီအစဉ်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကားပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက  ယနေ့ဆွေးနွေးတင်ပြမည့် အကြောင်းအရာခေါင်းစဉ်ပါ ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (Bay of Bengal Initiative for Multi-Sectoral Technical and Economic Cooperation- (BIMSTEC) သည် တိုးတက်ပြောင်းလဲလာသော စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအတွက် လိုက်လျောညီထွေဖြစ်စေရန် အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းခဲ့သော ဒေသတွင်းအဖွဲ့အစည်းဖြစ်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအကြား လွတ်လပ်စွာ ကုန်သွယ်မှုပြုနိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် စီးပွားရေးနှင့်စပ်လျဉ်းသည့် အဖွဲ့အစည်းများ ဖွဲ့စည်းခဲ့ကြကြောင်း၊ အဆိုပါအဖွဲ့အစည်းများကို နိုင်ငံရှိပြည်သူများ၏ အကျိုးစီးပွားဖော်ဆောင်ရာ၌ အခြေခံလိုအပ်ချက်ဖြစ်သည့် စားဝတ်နေရေးအဆင်ပြေလာစေရေး၊ စီးပွားရေးတိုးတက်ကောင်းမွန်လာစေရေး၊ ရင်းနှီးမြှုပ်နှံမှုများပြားလာစေရေး၊ နိုင်ငံခြားစီးပွားဆက်ဆံရေးနှင့် မိတ်ဆွေနိုင်ငံများ တိုးပွားလာစေရေးအတွက် တည်ထောင်ကြခြင်းဖြစ်ကြောင်း၊ ၎င်းအဖွဲ့အစည်းများတွင် ပါဝင်ပူးပေါင်းခြင်းဖြင့် နိုင်ငံ့စီးပွားတိုးတက်စေရေးအတွက် စီးပွားရေးနှင့် နည်းပညာပူးပေါင်းမှုများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့်နည်းပညာဆိုင်ရာကိစ္စရပ်များတွင် မိမိတို့နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်သည့် အကြောင်းအရာများကို သိရှိနားလည်နိုင်စေရေး ပါဝင်ဆွေးနွေးကြစေလိုကြောင်း  ပြောကြားသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးမြတ်သန္တာက “ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများအတွက် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ပေးရေးအစီအစဉ်သို့ တက်ရောက်ခဲ့သည့် အတွေ့အကြုံများမျှဝေခြင်း” ခေါင်းစဉ်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

အခမ်းအနားသို့ အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အွန်လိုင်းဖြင့် တက်ရောက်သူများအပါအဝင်  ဝန်ထမ်း ၁၂၀ ကျော် တက်ရောက်ကြသည်။

သတင်းစဉ်