Skip to main content

တနင်္သာရီတိုင်းဒေသကြီး ငါး၊ ပုစွန် ထုတ်လုပ်မှုတိုးတက်ရေး သုတေသနလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်

နေပြည်တော် ဩဂုတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး ငါး၊ ပုစွန် ထုတ်လုပ်မှုတိုးတက်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးတက်မှု သုံးသပ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြိတ်ခရိုင် မြိတ်မြို့ Green Jade Hotel ၌ ကျင်းပရာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပြောကြား

အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ငါး၊ ပုစွန်နှင့်ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေးနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ရေသတ္တဝါမွေးမြူထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန်သက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ဦးစားပေးအလိုက်တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် သုတေသနလုပ်ငန်းများ ရေရှည်တည်တံ့ဖွံ့ဖြိုးစေရန် ပညာရှင်ဝန်ထမ်းများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်ပေးရန်လိုကြောင်း၊ ခိုင်မာသောဖွဲ့စည်းပုံဖြစ်စေရန်၊ နည်းပညာရပ်ဆိုင်ရာ အတွေ့အကြုံဖလှယ်နိုင်ရန်နှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ရန်ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ရေသတ္တဝါများ မျိုးထိန်းသိမ်းရန်နှင့် မျိုးပြန့်ပွားရေးသုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးပြောကြားပြီး အစည်းအဝေးတက်ရောက်လာကြသူများက တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း မွေးမြူရေးသုတေသန စခန်း(ကျွန်းစု)အား အဆင့်မြှင့်တင်ခြင်း၊ ကလွင်ကျေးရွာရှိ ငါးလုပ်ငန်းစခန်းအား အဆင့်မြှင့်တင်မှု၊ ကျောက်ငါး (Epine-phelus malabaricus, Malabar grouper)နှင့် ငါးပါးနီ(Lutjanus spp, red snapper)ငါးများအား မျိုးဥနှင့်မျိုးရည်များရင့်ကျက် လာစေရန်မတူညီသောအစာ၊ ဆေးဝါးများဖြင့် စမ်းသပ်သုတေသနပြုနေမှု၊ ကကတစ် (Lates calcarifer, Seabass) ငါးသားပေါက်များကို မတူညီသော အစာများကျွေးမွေး၍ သားပေါက်များ၏ ရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းများအား စမ်းသပ်သုတေသနပြုခြင်း အခြေအနေများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့် တနင်္သာရီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးတို့သည် ကျွန်းစုမြို့နယ် ပထက်ကျေးရွာတွင် ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်က ငါးလုပ်ငန်းဦးစီးဌာန သို့ PCR စက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးကြသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြိတ်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနတွင် ဆောင်ရွက်လျက်ရှိသည့် မြိတ်မြို့ဝန်းကျင်ရှိ ခရုနှင့်ကမာ ထုတ်လုပ်မှုအားလေ့လာခြင်း၊ နည်းစနစ်ကျစွာ အသားတိုးမွေးမြူခြင်းနှင့်သားဖောက်မွေးမြူ သုတေသနပြုလုပ်ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်