နေပြည်တော် ဩဂုတ် ၂၄
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာန ရင်သွေးရတနာမူလတန်းကြိုကျောင်း၊ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၊ နေပြည်တော်ကလေး ပြုစုရေးဌာနနှင့် အမျိုးသား လွှတ်တော်မူလတန်းကြိုကျောင်းတို့သို့ သွားရောက်၍ ကလေးငယ်လေးများအား သင်ကြားလေ့ကျင့်နေမှု၊ ကျွေးမွေးစောင့်ရှောက်မှု၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်၊ သင်ယူရာနေရာ များကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းများတွင် ကလေးငယ်များ၏ ကျန်းမာရေးအတွက် အာဟာရပြည့်ဝစွာ ကျွေးမွေးနိုင်ရေး ဦးစားပေးဆောင်ရွက်ရန်၊ နေ့လယ်စာနှင့် ဖြည့်စွက်အာဟာရတို့ ချက်ပြုတ်ပြင်ဆင်ကျွေးမွေးရာတွင် သန့်ရှင်းမှုရှိစေရေး အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကလေးငယ်များအား လက်ကိုစနစ်တကျ ဆေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် သင်ကြားလေ့ကျင့်ပေးရမည်ဖြစ်ကြောင်း မှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကလေးများ၏ဖွံ့ဖြိုးမှုနှင့် သင်ကြားနေမှုတို့ကိုကြည့်ရှုပြီး ကလေးငယ်များသည် အနာဂတ်နိုင်ငံ့ခေါင်းဆောင်များ၊ တိုင်းပြည်၏ အဖိုးတန်ရတနာများဖြစ်၍ သင်ယူမှုပတ်ဝန်းကျင် ကောင်းမွန်စွာဖြင့် အခြေခံအလေ့အကျင့်ကောင်းများရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားကာ မူလတန်းကြိုကျောင်းများနှင့် ကလေးပြုစုရေးဌာနတို့ရှိ ဝန်ထမ်းများ၊ ကလေးများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေး၍ အလှူငွေများလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်