နေပြည်တော် ဩဂုတ် ၂၄
အာဆီယံဒေသတွင်း အဖွဲ့ဝင်နိုင်ငံများအချင်းချင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံ သဘောတူညီချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်ရည်ရွယ်၍ (၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေး၊ (၁၈)ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို လာအိုနိုင်ငံမှ အိမ်ရှင်အဖြစ် ဩဂုတ် ၂၂ ရက်မှ ၂၄ ရက်အထိကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အာဆီယံ မိတ်ဖက်နိုင်ငံများဖြစ်သည့် ဂျပန်၊ ကိုရီးယား၊ တရုတ်နှင့်အမေရိကန်နိုင်ငံတို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားကို ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံဗီယန်ကျင်းမြို့ National Convention Center ၌ ကျင်းပရာ အာဆီယံနိုင်ငံများမှ ပတ်ဝန်းကျင်နှင့် သစ်တောရေးရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံ မိုးလေဝသအထူးပြုဌာနနှင့် အာဆီယံဇီဝမျိုးစုံမျိုးကွဲဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီးက အဖွင့်အမှာစကားပြောကြားပြီး တက်ရောက်လာသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အာဆီယံပတ်ဝန်းကျင်ရေးရာဝန်ကြီးများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် (၁၇)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးကို ဆက်လက်ကျင်းပရာ လာအိုနိုင်ငံ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များက Country Statement ပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသည် သစ်တောဖုံးလွှမ်းမှုဧရိယာဟက်တာ ၂၈ ဒသမ ၅၄ သန်းရှိပြီး တစ်နိုင်ငံလုံး၏ ၄၂ ဒသမ ၁၉ ရာနှုန်းဖြစ်ကြောင်း၊ သစ်တောများသည် ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေရေး၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် သစ်တောသယံဇာတ ထိန်းသိမ်းရေးသည် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်ကြောင်း၊ ကျေးလက်ဒေသများတွင် နေရောင်ခြည်စွမ်းအင်၊ ရေအားလျှပ်စစ်စသည့် အသေးစားပြန်ပြည့်မြဲ စွမ်းအင်စီမံကိန်းများ ဖော်ဆောင်ခြင်းကို တွန်းအားပေးဆောင်ရွက်ခြင်းဖြင့် စွမ်းအင်အတွက် သစ်တောများအပေါ် မှီခိုနေရမှုကို လျှော့ချနိုင်ပြီး ရေရှည် တည်တံ့သော သစ်တောစီမံအုပ်ချုပ်မှုနှင့် သစ်တောထိန်းသိမ်းခြင်းတို့ကို အထောက်အကူပြုလျက်ရှိကြောင်း၊ ယခုအစည်းအဝေးမှ ဒေသတွင်းပူးပေါင်း ဆောင်ရွက်မှုဖြင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ပြီး အာဆီယံအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မှု၊ နိုဝင်ဘာလအတွင်း ယူအေအီးနိုင်ငံတွင် ကျင်းပမည့် UNFCCC COP 28 သို့ အာဆီယံမှတင်သွင်းမည့် အာဆီယံနိုင်ငံများ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးတွဲကြေညာစာတမ်း၊ အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု၊ အာဆီယံပတ်ဝန်းကျင် ထိန်းသိမ်းရေးချန်ပီယံဆုဆုရရှိသူများနှင့် ပြင်ပမှဝင်ရောက်လာသည့် မျိုးစိတ်များဆိုင်ရာ အာဆီယံလုပ်ငန်းအစီအစဉ်များကို အတည်ပြုခြင်းကို ဆောင်ရွက်သည်။
မွန်းလွဲပိုင်းတွင် (၁၈) ကြိမ်မြောက် အာဆီယံနယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို ဆက်လက်ကျင်းပရာ အာဆီယံဒေသတွင်း Fire Hotspot နှင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှု အခြေအနေ၊ ခြောက်သွေ့ရာသီတွင် ဖြစ်ပေါ်နိုင်သည့် မိုးလေဝသခန့်မှန်းချက်နှင့် နိုင်ငံအလိုက် မီးခိုးမြူငွေ့လျှော့ချရေး ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံ (၂၀၂၃-၂၀၃၀)၊ အာဆီယံ သစ်ဆွေးမြေစီမံအုပ်ချုပ်မှုမဟာဗျူဟာ (၂၀၂၃-၂၀၃၀)နှင့် မီးခိုးမြူငွေ့ကင်းစင်၍ ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲရေးအတွက် အာဆီယံရင်းနှီးမြှုပ်နှံမှု မူဘောင်တို့ကို အတည်ပြုခြင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေးစာချုပ်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ လွှဲပြောင်းမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးက နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေးကို မြန်မာနိုင်ငံမှ အပြည့်အဝထောက်ခံပြီး အမြန်ဆုံးလက်မှတ်ရေးထိုး နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသတွင်းမီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးလုပ်ငန်းစဉ်များအား အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အာဆီယံဗဟိုဌာနနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ အာဆီယံညှိနှိုင်းရေးဗဟိုဌာန တည်ထောင်ရေး စာချုပ်များအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးသို့ လွှဲပြောင်းသည့်အခမ်းအနားသို့ တက်ရောက်သည်။
ညပိုင်းတွင် အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် အာဆီယံပတ်ဝန်းကျင်ထိန်းသိမ်းရေး ချန်ပီယံဆုပေးပွဲနှင့် ညစာစားပွဲအခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ တက်ရောက်သည်။
မြန်မာနိုင်ငံမှ အာဆီယံသန့်ရှင်း၍ စိမ်းလန်းစိုပြည် သောကျောင်းဆု (၂၀၂၃)ကို မူလတန်းအဆင့်အတွက် အခြေခံပညာမူလတန်းကျောင်း (ဒေါင့်ကွေး) ဒေါင့်ကွေးကျေးရွာ ကျောင်းကုန်းမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနှင့် အထက်တန်းအဆင့်အတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မြစ်ကြီးနားမြို့ ကချင်ပြည်နယ်တို့ကရရှိပြီး အာဆီယံလူငယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ချန်ပီယံဆု (၂၀၂၃) ကို Senior Category မှ ဒေါက်တာကောင်းထက်စွမ်းကရရှိရာဆုများကို မြန်မာကိုယ်စားလှယ်အဖွဲ့က လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်
