နေပြည်တော် ဩဂုတ် ၂၄
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမနှင့် မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတို့၌ ကျင်းပသည်။
အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးဌေးလှိုင်နှင့် ဦးဖြိုးဇော်စိုး၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ပြီး လက်တွေမဲပေးခြင်းများ ဆောင်ရွက်ကြသည်။
ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင်ဦးနှင့် ဦးကိုကိုလွင်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ကြသည်။
လက်တွေ့ဆန္ဒမဲပေး
ရှင်းလင်းဆွေးနွေးခြင်းနှင့် သရုပ်ပြပွဲများသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၅၈ ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်း ၁၅၄ ဦး တက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြသည်။
Myanmar Electronic Voting Machine (MEVM)စက်ကို အသုံးပြုမဲပေးခြင်းဖြင့် မိမိတို့ဆန္ဒပြုလိုက်သည့် ဆန္ဒမဲများသည် တိတိကျကျဖြင့် ပယ်မဲမရှိဘဲ အကျိုးရှိရှိ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်စိတ်ချမှုရရှိမည်ဖြစ်ကာ ပွင့်လင်းမြင်သာ၍ အများယုံကြည်လက်ခံသည့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
သတင်းစဉ်