Skip to main content

အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးနှင့် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

နေပြည်တော် ဩဂုတ် ၂၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Hotel Mulia Senayan ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးသို့ တက်ရောက်သည်။

ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး

အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံဘဏ္ဍာရေးဝန်ကြီးနှင့် ကျန်းမာရေးဝန်ကြီးတို့က အမှာစကားပြောကြားကြပြီး ကပ်ရောဂါတုံ့ပြန်ရေးလုပ်ငန်းများ၏ ဘဏ္ဍာငွေ လိုအပ်ချက်များနှင့် ဖြေရှင်းနိုင်မည့် နည်းလမ်းများဆိုင်ရာ ဆန်းစစ်သုံးသပ်ချက်ကို အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူကလည်းကောင်း၊ အာဆီယံ ကိုဗစ်-၁၉ နှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်တုံ့ပြန်ရေးဘဏ္ဍာငွေကိစ္စရပ်များကို အာဆီယံအတွင်းရေးမှူးအဖွဲ့ရုံးမှ တာဝန်ရှိသူကလည်းကောင်း တင်ပြ၍ တက်ရောက်လာကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများနှင့် ကျန်းမာရေးဝန်ကြီးများက ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဆွေးနွေးရာတွင် အာရှဖွံ့ဖြိုးရေးဘဏ်မှ တင်ပြဆွေးနွေးခဲ့သည့် ပြည်သူ့ကျန်းမာရေး အရေးပေါ်ကြိုတင်ပြင်ဆင်မှုနှင့် တုံ့ပြန်မှုတွင် ဘဏ္ဍာငွေလိုအပ်ချက်များ၊ ကွာဟချက်များနှင့် စပ်လျဉ်းသည့် လေ့လာဆန်းစစ်မှုသည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ မူဝါဒများချမှတ်ရာတွင် အသုံးချနိုင်ရေး ကောင်းမွန်သော လေ့လာဆန်းစစ်မှုတစ်ခုဖြစ်ကြောင်း၊ ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများကဲ့သို့ပင် မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်သည် ကပ်ရောဂါ၏ ကြီးမားသောစိန်ခေါ် မှုများကို ရင်ဆိုင်ခဲ့ရကြောင်း၊ သို့ရာတွင် “လူ့အသက်ထက် အရေးကြီးတာမရှိ” ဟူသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ မူဝါဒနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ စေတနာရှင်များ၊ ပုဂ္ဂလိကကဏ္ဍအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကပ်ရောဂါကို အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့ကြောင်း။

ပူးပေါင်းဆောင်ရွက်သွားမည်

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကပ်ရောဂါအတွက် လိုအပ်သောဘဏ္ဍာငွေများ အချိန်နှင့်တစ်ပြေးညီ ရရှိနိုင်ရေးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ အထူးရန်ပုံငွေတစ်ရပ်ကို တည်ထောင်နိုင်ခဲ့သကဲ့သို့ လိုအပ်သော ကာကွယ်ဆေးများ ဝယ်ယူရရှိနိုင်ရေး ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူ ရရှိရေးရန်ပုံငွေကို ထူထောင်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့် နောင်ဖြစ်ပေါ်လာနိုင်မည့် ကပ်ရောဂါများအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်း၍ ကျန်းမာရေးစနစ်ခိုင်မာစေရေး လုပ်ငန်းများကို စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အာဆီယံဘဏ္ဍာရေးနှင့် ကျန်းမာရေးဝန်ကြီးများ ပူးတွဲအစည်းအဝေးကြော်ငြာစာတမ်းကို အတည်ပြုထုတ်ပြန်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်၍ နံနက်ပိုင်းအစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။

ဝိုင်းဝန်းဆွေးနွေး

မွန်းလွဲပိုင်းတွင် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေး ပထမနေ့ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Hotel St. Regis ၌ ကျင်းပရာ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးက အမှာစကားပြောကြား၍ ASEAN Political Security Community ဆိုင်ရာ ဒုတိယအထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့က အာဆီယံပြည်သူ့ကျန်းမာရေး အရေးပေါ်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းနိုင်ရေး အာဆီယံလုပ်ငန်း ညှိနှိုင်းရေးကောင်စီ၏ ဆုံးဖြတ်ချက်များ၊ အာဆီယံ ကိုဗစ်-၁၉ တုံ့ပြန်ရေးရန်ပုံငွေ သက်တမ်းတိုးရေးကိစ္စရပ်များ၊ အာဆီယံဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပူပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံရန်ပုံငွေဆိုင်ရာ ကိစ္စရပ်များကိုတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းဆွေးနွေးကြပြီး ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုးနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တည်ခင်းဧည့်ခံသည့် ညစာစားပွဲ ကို တက်ရောက်ကြသည်။

အဆိုပါ အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးများ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိသူများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့ဝင်များ၊ အာဆီယံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ရုံးများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်